နေပြည်တော်၊ စက်တင်ဘာ(၂၄)
ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ နိုင်ငံခြားဝင်ငွေတွေကို အောက်တိုဘာလကစပြီး ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းပေးဆောင်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လက်မှတ်နဲ့ စက်တင်ဘာ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာကနေ ကြေညာပါတယ်။
တစ်နှစ်တစ်ကြိမ်ပြဌာန်းလေ့ရှိတဲ့ ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေအဖြစ် စစ်ကောင်စီက စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြဌာန်းခဲ့ပြီး အခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကနေ နောက်နှစ် မတ် ၃၁ ရက်နေ့အထိ အကျိုးသက်ရောက်စေရမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီပြင်ဆင်လိုက်တဲ့ အခွန်အကောက်ဥပဒေမှာတော့ သက်သာခွင့်တွေ နုတ်ပယ်တာမပြုဘဲ လစာမှအပ ပြည်ပနေနိုင်ငံသားရဲ့ရရှိတဲ့ နိုင်ငံခြားငွေအမျိုးအစားနဲ့ ၁၀ ရာခိုင်နှုန်းဝင်ငွေခွန်စည်း ကြပ်ရမယ်လို့ ဖော်ပြထားတာပါ။
ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် အကြံပေးဦးအောင်ကျော်က စီမံခန့်ခွဲမှုအလွဲအချော်တွေဖြစ်ပြီး အခက်အခဲအကျပ်အတည်းတွေ များလာလို့ စစ်ကောင်စီကရရာနည်းနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဆီက လုပ်အားခတွေကို ခေါင်းပုံဖြတ်ဖို့ ကြိုးစားနေတာလို့ သုံးသပ်ပါတယ်။
“နိုင်ငံတကာရောက် ရွှေ့ပြောင်းအလုပ်သမားတွေဆီက လုပ်အားခတွေကို ရယူဖို့ ပြင်ဆင်နေတာက ကျွန်တော်တို့ အားလုံးသိပြီးတဲ့အတိုင်းပဲ။ တိုင်းပြည်မှာစီမံခန့်ခွဲမှုတွေ အလွဲလွဲအချော်ချော်တွေ ဖြစ်လာပြီးမှ တိုင်းပြည်ရဲ့ အခက်အခဲအကျပ်အတည်းတွေ များလာတဲ့အခါမှာ သူတို့ကရရာနည်းလမ်းနဲ့ နိုင်ငံတကာကို သွားရောက်အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဆီက ခေါင်းပုံဖြတ်ဖို့ ကြိုး စားနေတာလို့ ကျွန်တော်က သုံးသပ်ပါတယ်”လို့ သူက ဆိုပါတယ်။
ပြင်ဆင်လိုက်တဲ့ ဥပဒေထဲမှာ ၂၀၂၃ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေ ပုဒ်မ ၃၁ ပုဒ်မခွဲ(က) ပုဒ်မ ခွဲငယ် (၄) ကို စစ်ကောင်စီက ပယ်ဖျက်လိုက်ပါတယ်။
အဲဒီပယ်ဖျက်လိုက်တဲ့ ဥပဒေပုဒ်မပါ ပြဌာန်းချက်မှာတော့ ပြည်ပနေ နိုင်ငံသားရဲ့ ပြည်ပမှာ နိုင်ငံခြားငွေနဲ့ရရှိတဲ့ လစာခေါင်းစဉ်ကဝင်ငွေကို ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုတဲ့ အချက်ဖြစ်ပါတယ်။
ဒါ့အပြင် ပြင်ဆင်လိုက်တဲ့ ဥပဒေမှာ သက်သာခွင့်တွေ နုတ်ပယ်ပြီးရင် အခွန်အကောက်ဥပဒေပုဒ်မ ၁၉ ပုဒ်မခွဲ (ဂ) ပါ အခွန်နှုန်းထားနဲ့ ပြည်တွင်းဝင်ငွေခွန်အတိုင်း ကောက်ခံမှာဖြစ်ပြီး သက်သာခွင့်တွေ နုတ်ပယ်တာမပြုရင် ၂ ရာခိုင်နှုန်းနဲ့ တွက်ချက်ပြီး အခွန်စည်းကြပ်မယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ပြည်ပရောက်ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးကတော့ မဖြစ်မနေဝင်ငွေခွန်ထည့်ရမယ်ဆိုရင်တောင် တခြားနည်းလမ်းနဲ့ အိမ်ကိုငွေပို့မှာဖြစ်ပြီး ဝင်ငွေခွန်ပေးဆောင်ဖို့ လုံးဝမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူတို့ တကယ်လို့ (ဝင်ငွေခွန်) ဖြတ်တယ်ဆိုရင် ဟိုးအရင်သူတို့ အာဏာစသိမ်းတုန်းက ငွေတွေပို့လို့မရတာတွေရှိတယ်လေ။ အဲဒီအချိန်ကတောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်ပို့ခဲ့ကြသေးတာပဲ။ အခုလည်း ကျွန်တော်တို့ ရှောင်လို့ရနိုင်မယ်ဆိုလို့ရှိရင် ရှောင်ပြီးတော့ လုံးဝမထည့်ဘူး။ မဖြစ်မနေလုံးဝထည့်ရမယ်ဆိုရင်တောင်မှ လူတိုင်းကအိမ်ကိုလစဉ် ငွေတွေပို့ရတဲ့သူတွေချည်းပဲ။ ဒါဆိုကျွန်တော်တို့မှာလည်း တခြားနည်းလမ်းတွေ ရှိမှာပေါ့။ ပေးဖို့အစီအစဉ်က လုံးဝမရှိဘူး။ လုံးဝ လုံးဝမရှိဘူး”လို့ သူက ဆိုပါတယ်။
အခုလဆန်းပိုင်းကလည်း စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကနေ ပြည်ပရောက် မြန်မာရွှေ့ ပြောင်းလုပ်သားတွေရဲ့ မိသားစုထံပေးပို့တဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်ကနေ မဖြစ်မနေ လွှဲပြောင်းရမယ်လို့ ညွှန်ကြားခဲ့တာပါ။
ပြည်ပထွက် အလုပ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို တစ်လတစ်ကြိမ် ဒါမှမဟုတ် ၃ လ တစ်ကြိမ် မဖြစ်မနေ လွှဲပြောင်းပေးပို့ရမှာဖြစ်ပြီး အဲဒီအချက်ကို အေဂျင်စီနဲ့ အလုပ်သမားကြား သဘောတူကြောင်း စာချုပ်ချုပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ရွှေ့ပြောင်းလုပ်သားအရေး အကူအညီပေးနေသူတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကတောာ့ စစ်ကောင်စီအနေနဲ့ အခုလိုအခွန်ကောက်တာ၊ လုပ်အားခတွေကို မဖြစ်မနေ သတ်မှတ်ဘောင်မှာ သွင်းရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေဟာ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေဆီက ဂုတ်သွေးစုပ်နေတာလို့ ထောက်ပြကြပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်ကျော်အတွင်းမှာလည်း မွန်ပြည်နယ်အတွင်းရှိ ပြည်ပငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခပ်စိပ်စိပ်စောင့်ကြည့်ရှာဖွေမှုတွေကြောင့် မြို့နယ်သုံးခုရှိ ငွေလွှဲလုပ်ကိုင်သူ ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
သတင်း-သံလွင်တိုင်းမ်
ဓာတ်ပုံ-Twitter