နေပြည်တော်၊ စက်တင်ဘာ(၂၄)
မြန်မာနိုင်ငံမှာ ပြည်တွင်း၊ပြည်ပခရီးသွားတွေ သွားရောက်လည်ပတ်သင့်တဲ့ နေရာ ၁၄ ခုကို စစ်ကောင်စီက ထုတ်ပြန်ထားပေမယ့် လက်ရှိလုံခြုံရေးအခြေအနေကြောင့် လက်တွေ့မဖြစ်နိုင်သေးဘူးလို့ ခရီးသွားဧည့်လမ်းညွန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက လာမယ့်ပွင့်လင်းရာသီမှာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်တွေ ဦးစားပေးလည်ပတ်သင်တဲ့ နေရာ ၁၄ ခုကို စက်တင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီ သတ်မှတ်ထားတဲ့ နေရာ ၁၄ ခုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦလွင်၊ အင်းလေး၊ ကလော၊ တောင်ကြီး၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအိုနဲ့ ကော့သောင်းတို့ ပါဝင်ပါတယ်။
ခရီးသွားတွေအနေနဲ့ အဲဒီဒေသတွေကို သွားလာပါက ရှေ့ဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ဖြစ်တဲ့ သမိုင်းဝင်ဘုရား စေတီပုထိုးတွေကို တွေ့ရမှာဖြစ်သလို ရှေ့ဟောင်းအဆောက်အဦးတွေ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုတွေ၊ သာယာကောင်းမွန်တဲ့ ရာသီဥတုနဲ့ တောတောင်ရေမြေ သဘာဝအလှအပတွေကို လေ့လာနိုင်မယ်လို့ ညွှန်းဆိုထားပါတယ်။
ခရီးသွားဧည့်လမ်းညွှန်တစ်ဦးကတော့ ခရီးစဉ်တွေကို စစ်ကောင်စီဘက်က ဖော်ထုတ်နေပေမယ့် လမ်းတွေမှာ စစ်ဆေးမှုတင်းကျပ်တာ၊ တံတားတွေကို အချိန်စောစောပိတ်တာတွေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် အခက်အခဲရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
“အမှန်အားဖြင့်တော့ သူတို့ကတော့ သတ်မှတ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်မှာကျတော့ သွားလာရတာ အခက်အခဲတွေက ရှိတယ်။ သွားလာရတာ အဆင်မပြေသေးဘူး။ (၁)အချက်က ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ ခရီးသွားလာရင် လွတ်လွတ်လပ်လပ်ကို သွားလာစေချင်တယ်လေ။ လမ်းမှာ အတားအ ဆီးတွေ၊ အစစ်ခံရတာတွေ၊ ဖုန်းစစ်တာတွေကအစ အများကြီးကျွန်တော်တို့ ကြုံတွေ့နေရတယ်။ အခုနောက်ပိုင်းတံတားတွေ ပိတ်တာစောလာတယ်။ (၇)နာရီဆိုရင် တံတားတွေပိတ်တဲ့အခါကျတော့ ဥပမာခရီးစဉ်တစ်ခုသွားပြီးရင် အပြန်ပြန်ဝင်ဖို့ဆိုတာ တော်တော်ကိုအခက်အခဲတွေပေါ်တယ်။ အ သည်းအသန်ကို ပြန်ဝင်ရတဲ့အခါကျတော့ လည်ပတ်ရတာ မပျော်ရွှင်ဘူးပေါ့။ လုံခြုံရေးအပိုင်းကျတော့ အနည်းအကျဉ်းပဲရတော့တယ်။ ကျွန်တော်တို့ သွားချင်တဲ့နေရာတွေကို အပြည့်အဝသွားလည်လို့မရဘူး ဖြစ်သွားတယ်။ အသံတွေနားထောင်ရတယ်။ အသံတွေ နားထောင်ပြီးတော့ ပုံမှန်အနေအ ထားဖြစ်မှ ကျွန်တော်တို့ အဲဒီလောက်ထိ ပို့ပေးလို့ရတယ်။ ဖော်ဆောင်တာတော့ ဖော်ဆောင်တယ်။ ဒါပေမယ့် တကယ့်လက်တွေ့ကျတော့ အနည်းအကျဉ်းလောက်ပဲ သွားလာနေကြတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ခရီးသွားကဏ္ဍဟာ ကားလမ်းကြောင်းတွေကိုသာ အဓိကအားထားပြီး သွားလာနေရတဲ့အတွက် လက်ရှိနေရာအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လမ်းခရီးလုံခြုံမှုမရှိတဲ့အတွက် စစ်ကောင်စီက ဖော်ဆောင်နေတဲ့ ခရီးစဉ်တွေဟာဆိုရင် လက်တွေ့မကျဘူးလို့ သူကဆက်ပြောပါတယ်။
ခရီးသွားတွေဟာ စစ်ကောင်စီရဲ့ ကန့်သတ်ထားတဲ့ ညမထွက်ရအမိန့်တွေ၊ ဧည့်စာရင်းတိုင်ကြားရတဲ့ အချက်တွေအပါအဝင် တခြားကန့်သတ်ချက်တွေကို မဖြေလျော့ပေးတဲ့အတွက် ခရီးသွားဝင်ရောက်မှု ဆက်တိုက်ကျဆင်းနေတာလို့ ခရီးသွားလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
စစ်ကောင်စီဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနဟာ အမေရိကန်အပါအဝင် အနောက်အုပ်စုတွေက မြန်မာနိုင်ငံကို ခရီးသွားဖို့မသင့်ကြောင်း ထုတ်ပြန်မှုအပေါ် သွားရောက်လည်ပတ်သင်တဲ့နေရာတွေအဖြစ် တန်ပြန်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဌာနကတော့ သူတို့နိုင်ငံသားတွေအနေနဲ့ မွန်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ ရခိုင်ပြည် နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်းနဲ့ တနင်္သာရီတိုင်းတို့ကို ခရီးမသွားကြဖို့ စက်တင်ဘာ ၁၈ ရက် နေ့မှာ သတိပေးထားပါတယ်။
မီးခိုတိတ်စက်ရုံလို့ တင်စားကြတဲ့ မြန်မာခရီးသွားကဏ္ဍဟာ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အဆိုးဝါးဆုံးကျဆင်းမှုနဲ့ ရင်ဆိုင်နေရသလို ခရီးသွားလုပ်ငန်းအများစုအရှုံးပေါ်ပြီး ရပ်နားလာကြတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT