နေပြည်တော်၊ စက်တင်ဘာ(၂၃)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေရှိရာ ဒေသတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီနဲ့ RCSS တို့ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ စက်တင်ဘာ ၂၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

စစ်ကောင်စီက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) နဲ့ NCA ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အလေးအနက်ထား ကျင်းပနိုင်ရေးနဲ့ EAO တွေရှိရာ ဒေသတွေမှာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကိစ္စတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေကြတဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ EAO တွေထဲမှာ RCSS ကလွဲရင် အင်အားရှိတဲ့ အဖွဲ့အစည်းတွေ မရှိတာကြောင့် ရွေးကောက်ပွဲအတွက် အကူအညီပေးဖို့ ထိရောက်တဲ့ကိစ္စမဟုတ်ဘူးလို့ သုံးသပ်တာပါ။

“ရွေးကောက်ပွဲကို ကူညီပေးဖို့ဆိုတာဟာ EAO တွေကို မေတ္တာရပ်ခံတယ်ဆိုပေမယ့် (အပစ်ရပ်ထိုး) EAO တွေထဲမှာ RCSS က လွဲလို့ရှိရင် အင်အားရှိတဲ့ အဖွဲ့အစည်း တစ်ခုမှမရှိပါဘူး။ သူတို့မှာ ပိုင်နက်နယ်မြေဆိုတာ မရှိပါဘူး။ ဒါကြောင့်မို့ EAO တွေ ပါဝင်ကူညီဖို့ဆိုတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကူအညီပေးဖို့ မေတ္တာရပ်ခံချက်ဆိုတာ သင်္ကြန်အမြှောက်ပဲဖြစ်မှာပါ။ ဘာမှထိရောက်တဲ့ ကိစ္စမဟုတ်ဘူးလို့ ကျွန်တော်ကမြင်ပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ နိုင်ငံအနှံ့နီးပါး တပ်အင်အားဖြန့်ကျက်ပြီး ရင်ဆိုင်တိုက်ခိုက်နေရသလို လက်ရှိမှာလည်း ရှမ်းပြည်နယ်အတွင်းတအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကချင်ပြည်နယ်မှာလည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တစ်ဖက်မှာလည်း အပစ်ရပ်ထိုး EAO တွေထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကျောင်းသားတပ်မတော် (ABSDF) တို့အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့နဲ့ စစ်ကောင်စီတပ်တို့ဟာ အဲဒီတိုင်းရင်းသားဒေသတွေနဲ့ ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေတာပါ။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးကတော့ စစ်ကောင်စီအနေနဲ့ အကျပ်အတည်းပေါင်းစုံ ဘေးကျပ်နံကျပ် ဖြစ်နေတဲ့အခါ ရုန်းထွက်ဖို့အရေး ထွက်ပေါက်ကို လိုက်ရှာနေတဲ့ အနေထားရှိပြီး KNU ကလည်း ပြည်သူနဲ့အတူ တိုက်ဖျက်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူက (စကစ) အာဏာသိမ်းပြီးနောက်ပိုင်း လုံးဝအလုပ်မလုပ်တော့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ လုံးဝအသက်မဝင်တော့တဲ့ ဒီစာချုပ်စာတမ်းတွေကို ရှိနေပါသေးတယ်၊ အသက်ရှင်နေပါသေးတယ်ဆိုတဲ့ နိုင်ငံတကာနဲ့ တိုင်းသူပြည်သားကို လှည့်ဖျားပြီး ငြိမ်းချမ်းရေးညီလာခံကို ဆက်လုပ်သွားမယ်။ နောက်ဆုံးကျတော့ သူ့ရဲ့ထွက်ပေါက်တစ်ရပ်အနေနဲ့ တရားမဝင်တဲ့ ရွေးကောက်ပွဲအတုအယောင်ကိုလည်း ပြန်ပြီးတော့လုပ်ဦးမယ်ဆိုတာ ဒါသူ့လုပ်ရပ်ပဲလေ။ တကယ်တမ်းကျ ကျွန်တော်တို့ ဘယ်လိုမှလက်ခံလို့ မရဘူး။ အဲဒါကြောင့် သူတို့လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက လုံးဝအောင်မြင်မှာ မဟုတ်ဘူး။ တိုင်းသူပြည်သားနဲ့ ကျွန်တော်တို့ကလည်း မဖြစ် ဖြစ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်ပြီး တိုက်ဖျက်သွားမယ်ဆိုတာ လုံးဝယုံမှားသံသယမရှိဘူး။ အဲဒါကျွန်တော်တို့ ပြောချင်တဲ့သတင်းစကားပါ”လို့ ဆိုပါတယ်။

စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ အပစ်ရပ်ထိုး EAO ၇ ဖွဲ့၊ အပစ်ရပ်မထိုး EAO ၃ ဖွဲ့တို့ ပြီးခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုတွေမှာ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စကို စစ်ကောင်စီဘက်က တင်ပြဆွေးနွေးခဲ့တာ ရှိနေတာပါ။

အခုတစ်ကြိမ် စစ်ကောင်စီနဲ့ RCSS တို့ တွေ့ဆုံမှုမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေရှိရာ ဒေသတွေမှာ လူသားချင်းစာနာမှုအကူအညီပေးအပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ နဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ ပုဒ်မတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဘက်က ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဆိုင်ရာလိုအပ်ချက်တွေအပေါ် ဆွေးနွေးချက်တွေကို အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ စစ်တပ်ဝါဒဖြန့် သတင်းတွေက ဖော်ပြပါတယ်။

စက်တင်ဘာ ၂၂ ရက်မှာတော့ မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက်သဘောထားတွေ ရယူသွားမယ်လို့ စစ်ကောင်စီဘက်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေနဲ့ ရုပ်သံ တွေမှာ ထုတ်ပြန်ထားပါတယ်။

အဲဒီဆွေးနွေးပွဲကို ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက်တာမရှိဘဲ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နဲ့ အဖွဲ့ဝင်တွေ RCSS ဘက်က အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ ဗဟိုဦးစီးကော်မတီဝင်တို့ တက်ရောက်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.