ရေဖြူ၊ စက်တင်ဘာ(၂၃)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေနက်ဆိပ်ကမ်းဒေသဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာ ၅ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေထံကနေ သိရပါတယ်။

တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး စစ်ကြောင်း ၃ ကြောင်းခွဲကာ ဝဇွမ်းတော၊ ဧကနိ၊ ခမောက်ချောင်းရွာတွေဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတဲ့အတွက် ဝဇွမ်းတော၊ ရငဲ၊ ခမောက်ချောင်း၊ ဝက်ချောင်း၊ ဧကနိစတဲ့ကျေးရွာတွေက ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်ပြီး နီးစပ်တောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေ ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတာကြောင့် လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမယ့် စစ်ရေးတင်းမာနေတယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း ရေဖြူမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံနေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တာပါ။တနင်္သာရီတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့သြဂုတ်လ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာအပြင် နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ ၃၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.