မော်လမြိုင်၊ စက်တင်ဘာ(၂၃)

မွန်ပြည်နယ်ရဲ့ အခုနှစ်ရော်ဘာရာသီအစမှာ ရော်ဘာတစ်ပေါင်ကို ကျပ် ၁၇၀၀ ကျော်နဲ့ ဈေးဖွင့်ထားတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိတဲ့ မွန်ပြည်နယ်ဟာ ရော်ဘာခြံလုပ်ငန်းကို နှစ်စဉ်စက်တင်ဘာလအလယ်ကနေ မေလကုန်အထိ လုပ်ကိုင်ကြတာဖြစ်ပါတယ်။

ဒီနှစ်ရော်ဘာရာသီအစမှာတော့ ဒေသတွင်းထွက်ရှိမှုများတဲ့ Local 3 ရော်ဘာ မှိုင်းခံပြားတစ်ပေါင်ကို ကျပ် ၁၇၂၀ ၊ Local 3 နေလှန်းပြား တစ်ပေါင်ကို ကျပ် ၁၇၀၀ ၊ RSS 1 အဆင့်ရှိ မှိုင်းခံပြားကိုတော့ ကျပ် ၁၈၄၀ ဝန်းကျင်နဲ့ ဈေးဖွင့်ထားတာပါ။

ရော်ဘာလုပ်ငန်းရှင် တစ်ဦးကတော့ လက်ရှိရော်ဘာဈေးနှုန်းဟာ သင့်တင့်မျှတတဲ့ ဈေးနှုန်းတစ်ခုဖြစ်ပေမယ့် မတည်ငြိမ်တဲ့ဒေသတွေမှာ ရော်ဘာအစေးလှီးဖို့ အခက်အခဲရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီအချိန်မှာ ရာသီအစမှာ ပြင်ဆင်စရာ ပြင်ဆင်တာပဲ ရှိသေးတယ်။ ပြီးရင်ကျွန်တော်တို့က ဒီဈေးနှုန်းက ငြိမ်လား၊ မငြိမ်လားဆိုတာရှိတယ်။ ဒီလောက်ဈေးနဲ့ဆိုရင် သင့်တင့်မျှတသောဈေးလို့တော့ မြင်ပါတယ်ခင်ဗျ။ တောင်သူတွေအတွက်က နာလည်းမနာဘူး၊ သာလည်းမသာဘူးပေါ့ဗျာ။ ဒီအနေအထားအတိုင်းဆိုရင်တော့ ဘာမှတော့ သိပ်ပြောစရာမရှိပါဘူး။ တချို့နေရာမှာတော့ အစေးလှီးလို့ရတဲ့နေရာတွေမှာ အင်တိုက်အားတိုက် အစေးလှီးဖို့ ပြင်ဆင်နေတာကို တွေ့ရတာပေါ့။ တချို့နေရာတွေက တော့ အစေးလှီးလို့မရတဲ့အခါကျတော့ တိတိကျကျကို မသွားရဲတဲ့နေရာတွေလည်း ရှိကောင်းရှိလာနိုင်တာပေါနော်။ ပြီးခဲ့တဲ့နှစ်လိုပဲ ဒီအခြေအနေကို စောင့်ကြည့်ပြီးတော့မှ လုပ်ရမယ့်အနေအထားတစ်ခုတော့ မြင်ပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

ရော်ဘာခြံရှင်တွေဟာ ရော်ဘာခြံလုပ်ငန်းတွေ ပြန်စဖို့အတွက် ကျွမ်းကျင်လုပ်သားတွေ လိုက်လံခေါ်ယူနေပေမယ့် လုပ်သားရှားပါးမှုပြဿနာနဲ့ကြုံတွေ့နေရသလို တချို့ခြံတွေက လုပ်သားခေါ်လို့မရသေးတာကြောင့် ခြံပြင်ဆင်မှုတွေ မလုပ်နိုင်သေးဘူးလို့ ရော်ဘာစိုက်တောင်သူတွေက ဆိုကြပါတယ်။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကလည်း အခုနှစ်ရော်ဘာရာသီမှာ ကုမ္ပဏီတွေအပြင် ဝယ်လက်တွေဘက်က ကြိုတင်မှာယူမှုတွေ မရှိသလောက်နည်းပါးနေပြီး ဈေးကွက်အတွင်းမှာလည်း အရောင်းအဝယ် အေးနေတယ်လို့ ပြောပါတယ်။

“ဘယ်သူမှ မခြစ်ရသေးဘူး။ အခုမှ ခြံပြင်နေတုန်းရှိသေးတယ်။ မထွက်သေးဘူး။ အခုမှ ဝဲကျွေးတုန်း။ မိုးလေကင်းစင်တာ (၂)ရက်ဘဲ ရှိသေးတယ်ဆိုတော့ ဝဲကျွေးပြီး (၁၀)ရက်နောက်ပိုင်းမှ ခြစ်လို့ရတာ။ အစေးခြစ်ဖို့အတွက် အရန်သင့်ဖြစ်ရအောင် ကြိုတင်ပြင်ဆင်တဲ့ အနေအထားပေါ့။ အရင်ကဒီအချိန်ဆိုရင် အရောင်းအဝယ်တွေ စနေပြီ။ ကြိုပွိုင့်တွေချ၊ အမြင်တွေ ဝယ်နေပြီ။ ဖုန်းတွေတဂွမ်ဂွမ်ဆက်နေပြီ။ ဒီနှစ်က ဘယ်ကုမ္ပဏီမှလည်း မဆက်ဘူး။ ဘယ်ဝယ်လာက်မှလည်း မဆက်ဘူး။ ကြိုပွိုင့်ချသံလည်း သိပ်မကြားဘူး။ အခုက ကြိုပွိုင့် က တပိုင်တနိုင်ဝယ်ရောင်းလုပ်တဲ့သူတွေလောက်ပဲ ချပြီးတော့ တကယ့်ကုမ္ပဏီပိုင်း၊ သူဌေးပိုင်းတွေက မချဘူး။ သူတို့ဘာကြောင့်မချလဲဆိုတာ မသိဘူး။ အရောင်းအဝယ်ဖြစ်နေလို့ရှိရင်လည်း မနှစ်ကလှောင်ထားသမားတွေလောက်ပဲ အရောင်းအဝယ်ရှိနေတာ။ ခြံရှင်တွေလက်ထဲမှာတော့ ရော်ဘာမရှိတော့ဘူး”လို့ ဆိုပါတယ်။

ရော်ဘာဈေးကွက်အတွင်း လက်ကျန်ရော်ဘာတွေကို ထိုင်းနဲ့တရုတ်နိုင်ငံတွေက ဝယ်ယူမှုအနည်းငယ်ရှိနေပေမယ့် လုံခြုံရေးအခြေအနေနဲ့ စစ်ဆေးမှုတွေ တင်းကျပ်ထားတာကြောင့် သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲရှိနေတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။

တဖက်မှာတော့ ရော်ဘာစိုက်တောင်သူတွေဟာ အာဏာသိမ်းကာလအတွင်း သွင်းအားစုကုန်ပစ္စည်းတွေ ဈေးနှုန်းအဆမတန် မြင့်တက်လာတာ၊ လုပ်အားခအပြင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကို အလူးအလဲခံစားနေရတာပါ။

မွန်ပြည်နယ်ဟာ နှစ်စဉ်ဟာရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေတာဖြစ်ပြီး ထွက်ရှိလာတဲ့ ရော်ဘာတွေကိုတော့ တရုတ်နိုင်ငံကို အများဆုံးတင်ပို့ရောင်းနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.