မော်လမြိုင်၊ စက်တင်ဘာ(၂၃)

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုတွေကြောင့် အရပ်သားပြည်သူ ၄၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာ ၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ နှစ်ပတ်အတွင်း ပေါင်မြို့နယ်က ဒေသခံ ၂၀ ဦး၊ ကျိုက်ထိုမြို့နယ်က ၁၀ ဦး၊ သထုံမြို့နယ်က ၅ ဦး၊ သံဖြူဇရပ်မြို့နယ်က ၃ ဦး၊ စုစုပေါင်း ၃၈ ဦး ဖမ်းဆီးခံထားရပါတယ်။

ပေါင်နဲ့ကျိုက်ထိုမြို့နယ်တို့ရဲ့ ဖမ်းဆီးမှုတွေဟာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးဒလန်တွေ သတ်ဖြတ်ခံပြီးနောက် ဒေသခံတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးသွားခဲ့တာပါ။

ဒါ့အပြင် သထုံနဲ့သံဖြူဇရပ်မြို့နယ်တို့ရဲ့ ဖမ်းဆီးမှုတွေမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF တွေနဲ့ ပတ်သက်တဲ့ သတင်းအကြောင်းအရာတွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန်လည်မျှဝေတာ၊ သဘောထားမှတ်ချက် ဝင်ရောက်ရေးသားမှုတွေနဲ့ ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရတဲ့ ဒေသခံအများစုကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေအပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ ဖမ်းဆီးအမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေသခံတချို့ကိုတော့ စစ်ကြောရေး ပို့ဆောင်ထားပြီး မိသားစုနဲ့ လုံးဝအဆက်အသွယ် ပြတ်တောက်နေတဲ့သူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း အရပ်သားပြည်သူ ၈၁၈ ဦး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) က စက်တင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.