မော်လမြိုင်၊ စက်တင်ဘာ(၂၂)

မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် ပြည်သူကိုဗဟိုပြုတဲ့ လုံခြုံရေးစနစ် ဖော်ဆောင်ကြဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဖိအားပေးလာတာ ဖြစ်ပါတယ်။

လက်နက်ကိုင်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားမှုမရှိတဲ့ မွန်ပြည်နယ်ရဲ့ စစ်အုပ်ချုပ်ရေးယန္တရားအကြီးမားဆုံးလည်ပတ်ရာ မော်လမြိုင်မြို့မှာ အခုရက်ပိုင်းအတွင်း ပြည်နယ်ကောင်စီတာဝန်ရှိသူတွေက ဌာနဆိုင်ရာတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပွဲမှာ ဖိအားပေးပြောဆိုခဲ့တာပါ။

စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် MRTV ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြထားချက်အရ စက်တင်ဘာ ၂၀ ရက်နေ့က မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမမှာ တွေ့ဆုံပွဲခေါင်းစဉ်နဲ့ ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းအပြင် ပြည်သူကို ဗဟိုပြုတဲ့လုံခြုံရေးစနစ် ဖော်ဆောင်ပေးရမယ်လို့ ဖိအားပေးခဲ့တာပါ။

ဒီဖြစ်စဉ်အပေါ် မွန်ပြည်တော်လှန်ရေးတပ် ပြောခွင့်ရနိုင်နဂါးက စစ်ကောင်စီအနေနဲ့ တနိုင်ငံလုံးမှာ စစ်ရေးအရ ရှုံးနိမ့်နေတာကြောင့် ရပ်ရွာလုံခြုံရေးကို ကာကွယ်ဖို့အတွက် ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်တာလို့ သုံးသပ်ပါတယ်။

“တရားဥပဒေစိုးမိုးရေးနဲ့ ခြိမ်းခြောက်ပြီးတော့ ကိုယ့်ရပ်ရွာကိုယ့်ဒေသကို ကိုယ့်ဟာကို ကာကွယ်ဖို့ ကာကွယ်ရေးတပ် ပြည်သူ့စစ်အဖွဲ့တွေဖွဲ့ဖို့ ပြောတယ်လို့ ကျွန်တော်မြင်တယ်။ စကစက နယ်မြေကျေးရွာတချို့မှာ ပြည်သူ့စစ်အဖွဲ့ကို အောင်မြင်စွာဖွဲ့နိုင်ခဲ့ပေမယ့် တစ်ပြည်လုံးအတိုင်းအတာအနေနဲ့ ပြည် နယ်တစ်ခုလုံးအတိုင်းအတာအနေနဲ့ သူတို့မလုပ်နိုင်တဲ့အပေါ် အခုလိုတွေ့ဆုံဆွေးနွေးပွဲလုပ်တာလို့ မြင်ပါတယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီခန့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီသက်ဆိုးရှည်ဖို့ ထောက်ပံ့ပေးနေတဲ့ ဒေါက်တိုင်တွေဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးတက်ကြွသူတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း သတင်းပေးရတဲ့အတွက် ဒလန်အဖြစ် ရောက်ရှိနေကြတာလို့ နိုင်နဂါးက ထောက်ပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးလပိုင်းအတွင်း NLD အစိုးရလက်ထက်မှာ ခန့်အပ်ထားတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအများစုကို စစ်ကောင်စီက ဖြုတ်ထုတ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ စစ်တပ်ထောက်ခံသူတွေကို အများဆုံးအစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ပေါင်နဲ့ ရေးမြို့ နယ်တို့မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတဲ့ ဒေသတွေ ဖြစ်ပါတယ်။

အဲဒီဒေသတွေမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် လက်နက်ကိုင်တော်လှန်ရေးတပ် ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ကျိုက်မရော၊ ရေး – သံဖြူဇရပ်ကြား ကျေးရွာတချို့မှာလည်း ရံဖန်ရံခါ မြေပြင်တိုက်ပွဲတွေနဲ့ စစ်ယာဉ်တန်းခြုံခိုတိုက်ခိုက်မှုတွေလည်း ဖြစ်ပေါ်နေတာပါ။

ပြည်နယ်ဝန်ကြီချုပ်ကတော့ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်သလို ဒေသတွင်းလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးရေးကလည်း များစွာအရေးပါတယ်လို့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

ဒါ့အပြင် ဥပဒေလုပ်ထုံးလုပ်နည်း သိရှိနားလည်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့နဲ့ ဖြည့် ဆည်းပေးကြဖို့လိုပြီး ပြည်သူတွေ အေးချမ်းသာယာစွာ နေထိုင်နိုင်ကြစေရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အားလုံးဝိုင်းဝန်းပေးကြစေလိုတယ်လို့ သူက ပြောကြားခဲ့တာပါ။

နိုင်နဂါးကတော့ မွန်ပြည်တော်လှန်ရေးတပ်အနေနဲ့ ဒလန်ရှင်းလင်းတာ၊ စစ်တပ်ဒေါက်တိုင်ရှင်းလင်းတာတွေကို လုပ်ခွင့်မပေးထားပေမယ့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးအားလုံးကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာတွေကို ရပ်တန်းကရပ်ကြဖို့ သတိပေးထားပါတယ်။

“တခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေက ကျွန်တော်တို့လို ခံယူချင်မှခံယူလိမ့်မယ်။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ စစ်ကောင်စီအပါအဝင် သူ့ရဲ့ဒေါက်တိုင်တွေ၊ ဒလန်တွေရှင်းတာကို ကျွန်တော်တို့အနေနဲ့ ဘာမှပြောစရာမလိုဘူး။ ရှိလည်းရှိသွားဦးမှာပဲ။ ကျွန်တော် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး အားလုံးကို ပြောချင်တာက စစ်ကောင်စီနဲ့ပူးပေါင်းပြီး လုပ်ဆောင်တာတွေကို ရပ်တန်းကရပ်ကြဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်၊ သတိပေးလိုပါတယ်”လို့ သူက ပြောပါတယ်။

စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေကတော့ တစ်နိုင်ငံလုံးနီးပါးအနှံ့ စစ်မျက်နှာဖွင့်ပြီး သာလွန်အင်အားနဲ့ ဖြန့်ကျက်ထားရတဲ့ စစ်ကောင်စီတပ်အနေနဲ့ စစ်ရေးအရ နယ်မြေတည်ငြိမ်မှုကို မထိန်းချုပ်ထားနိုင်ပေမယ့် အောက်ခြေအဆင့် စစ်အုပ်ချုပ်ရေးယန္တရား ထောက်တိုင်ပြုနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကြောင့် အာဏာကို ထိန်းချုပ်ထားနိုင်ဆဲလို့ သုံးသပ်ကြပါတယ်။

တစ်ဖက်မှာတော့ ၂၀၂၄ ခုနှစ်မှာ ကောက်ယူမယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် အခုနှစ် လာမယ့် အောက်တိုဘာမှာ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အားလုံးရှိ မြို့နယ် ၂၀ မှာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမယ်လို့ စစ်တပ်ဝါဒဖြန့် ရုပ်သံတွေကနေ ကြေညာထားပါတယ်။

မွန်ပြည်နယ်မှာတော့ မော်လမြိုင်မြို့နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှာဖြစ်ပြီး လူဦးရေ စာရင်းမှန်ကန်မှ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ရေး ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ပြောဆိုထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.