ဘီးလင်း၊ စက်တင်ဘာ(၂၂)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးလေးနဲ့ဒေါက်ရပ်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူ ၂ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ အလူးလေးကျေးရွာအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ဗုံး ၆ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

တဆက်တည်း အဲဒီနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်ကလည်း ဒေါက်ရပ်ကျေးရွာ၊ တိုးဂိတ်ဟောင်းအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး ခရီးသွားကားတွေ ကျည်ထိမှန်တာနဲ့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း ခရီးသွား အမျိုးသား ၂ ဦးဟာ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံထံ ပို့ဆောင်ကုသနေရပါတယ်။

ပစ်ခတ်မှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း နာရီချီ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သလို တချို့ခရီးသွားကားတွေက နောက်ကြောင်းပြန်လှည့်တာတွေ ရှိနေတယ်လို့ ခရီးသွားတွေရဲ့ ပြောဆိုချက်တွေချက်အရ သိရပါတယ်။

ဘီးလင်းပစ်ခတ်မှု ဖြစ်စဉ်အပေါ် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေအပြင် စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.