ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ(၂၂)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ် ၅၀ နီးပါး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ပါတယ်။

ခလယ်တံခွန်တိုင်ရဲစခန်းကို အင်အားဖြည့်ဖို့နဲ့ နယ်မြေစိုးမိုးဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၊ BGF တပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့အကြား စက်တင်ဘာ ၁၄ ရက်နေ့မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူအသုံးပြု တိုက်ခိုက်သွားခဲ့တာပါ။

စက်တင်ဘာ ၁၄ ရက်ကနေ ၁၈ ရက်နေ့အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေပေါင်း ၅၀ နီးပါး ထိမှန်ပျက်စီးသွားခဲ့ပြီး ဒေသခံတစ်ဦးလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်စထိမှန်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲ နေရာယူတပ်စွဲထားပြီး ပြည်သူပိုင်အိုးအိမ်တွေကို ဝင်ရောက်ဖျက်ဆီးတာ၊ အိမ်တွင်းရှိပစ္စည်းတွေ မွှေနှောက်ဖျက်ဆီးတာ၊ တန်းဖိုးကြီးပစ္စည်းတွေ ယူဆောင်သွားတာတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က တံခွန်တိုင်ရဲစခန်းကို ရောက်ရှိလာခဲ့ပြီး ကျေးရွာတွေထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လျက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့အတွက် ခလယ်တံခွန်တိုင်ဒေသအတွင်းရှိ ဒေသခံပြည်သူလူထု တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးကုသမှုစတဲ့ အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ခလယ်တံခွန်တိုင်ကျေးရွာတိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေက ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး လတ်တလောမှာ တိုက်ပွဲငြိမ်သက်နေကာ ကျေးရွာတွေအတွင်း စစ်ကောင် စီတပ်က ရှိနေတဲ့အတွက် ဒေသခံစစ်ဘေးရှောင်ပြည်သူတွေကတော့ နေရပ်ကို မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.