ကော့သောင်း၊ စက်တင်ဘာ(၂၂)

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံရာနဲ့ချီပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က မလိဝမ်းကျေးရွာထဲကို စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲကြောင့် မလိဝမိးကျေးရွာက ဒေသခံ ၅၀ နီးပါးဟာ ထိုင်းဘက်ကခြမ်းကို စက်လှေတွေနဲ့ ချက်ချင်းဆိုသလို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ အင်အားထပ်မံဖြည့်တင်းပြီး ခမောက်ကြီးကျေးရွာထဲ စစ်ကြောင်းထပ်ထိုးလာတာကြောင့် ဒေသခံ ၂၀၀ ကျော်ဟာ ထိုင်းဘက်ကို ထပ်မံထွက်ပြေးနေရပါတယ်။

ထိုင်းဘက်ခြမ်း ထွက်ပြေးသွားတဲ့ ဒေသခံပြည်သူတွေကို ထိုင်းအာဏာပိုင်တွေက ယာယီကူညီစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ကော့သောင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ထိခိုက်သေဆုံးထားပြီး ဒေသကာ ကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာတာမရှိဘူးလို့ တော်လှန် ရေးအင်အားစုတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ ကော့သောင်းမြို့နယ် မလိဝမ်းနဲ့ခမောက်ကြီးကျေးရွာဒေသခံတွေဟာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် မကြာခဏသလို ထိုင်းဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်နေရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.