ဂန့်ဂေါ၊ စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ စစ်တပ်ထောက်ခံတဲ့ (ဒေသအခေါ်) ပျူစောထီးကျေးရွာတွေမှာ နေထိုင်သူတွေဟာ အချင်းချင်း ပြန်လည်ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာသူတွေ တစ်နေ့တခြား ပိုများလာတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေကနေ သိရပါတယ်။

ပျူစောထီးကျေးရွာနေထိုင်သူတွေကို အသက်မပြည့်ခင်မှာပဲ အတင်းအကြပ်စစ်မှုထမ်းခိုင်းတာ၊ လုံခြုံရေးအကြောင်းပြချက်နဲ့ မဖြစ်မနေ အလုပ်ခိုင်းစေမှုတွေကြောင့် မိသားစုအလိုက် ထွက်ပြေးတာတွေ ရှိလာခဲ့တာပါ။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အဆိုအရ အခုနှစ်ခြောက်လအတွင်းမှာပဲ ထွက်ပြေးလာတဲ့ ပျူစောထီးကျေးရွာတွေမှာ နေထိုင်သူ ၃၀၀၀ ကျော်ကို ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

“အသက်မပြည့်သေးတဲ့ ကလေးတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာတွေ ရှိတယ်၊ တချို့ကျတော့လည်း အသက်ပြည့်တာနဲ့ပဲ တန်းပြီးရှေ့တန်းပို့တာတွေ၊ ကုန်ပစ္စည်းတွေ ထမ်းခိုင်းတာတွေ၊ အတင်း အကျပ်ဖိအားပေးတာ၊ ရိုက်နှက်တာတွေကြောင့် ပြေးလာကြတာ” လို့ ဂန့်ဂေါမြို့နယ်(ပကဖ)အဖွဲ့ဝင် ကိုနွေဦးက သံလွင်တိုင်းမ် ပြောပါတယ်။

ပျူစောထီးရွာကနေ ထွက်ပြေးလာသူတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကနေ စစ်ရှောင်စခန်းတွေ ၊ ဆွေမျိုးတွေနဲ့ မိတ်ဆွေအပေါင်းအသင်း နေအိမ်မှာ ဖြန့်ကျက်စောင့်ရှောက်ပေးတာတွေ လုပ်ဆောင်ထားပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်းရှိ ပျူစောထီးရွာတွေကနေ ထွက်ပြေးလာသူတွေဟာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့ စစ်တပ်ထောက်ခံသူ ဘူးလက်လှဆွေရဲ့ အမာခံရွာကြီးတွေဖြစ်တဲ့ ကုက္ကား၊ မြောက်ခင်ရန်းနဲ့ ဟံသာဝတီကျေးရွာက အများစုပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်ကလည်း မြောက်ခင်ရန်းနဲ့ ဟံသာဝတီက ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက သင်တောကျေးရွာအရောက်မှာ တိုက်ခိုက်ခဲ့တာကြာင့် ၈ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.