ဘုရားသုံးဆူ၊ စက်တင်ဘာ ၂၁

ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်တော့ဘဲ ကရင်အမျိုးသားအစည်းအရုံး(KNU)က အုပ်ချုပ်ရေးစနစ်နဲ့ တရားစီရင်ရေးတွေ လုပ်ဆောင်နေပြီလို့ ဘုရားသုံးဆူးဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်မှာ အုပ်ချုပ်ရေးအတွက် KNU က အုပ်စုမှူးခန့်ထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ KNU ဥပဒေအတိုင်း စတင်ဆောင်ရွက်နေပြီး စစ်ကောင်စီတပ်က လာရောက်နှောင့်ယှက်ခြင်းမရှိဘဲ တပ်ရင်းထဲမှာသာရှိနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

” KNU က အုပ်စုမှူးခန့်ထားတယ်။ အုပ်စုမှူးကနေပြီးတော့ အုပ်ချုပ်ရေးတို့ တရားစီရင်ရေးတို့ အဲဒီလိုမျိုးတွေလုပ်ပေးတာပေါ့။ အုပ်ချုပ်ရေးယန္တရားကတော့ KNUရဲ့ မူပေ့ါ၊ ဥပဒေဆိုလည်း KNU ဥပဒေအတိုင်းသွားတာပေါ့။ အမှုတွေကလည်း အများကြီးပဲ။ သေနတ်အမှု၊ ခိုးမှုတွေ။ အမှုတွေကို KNU ဥပဒေနဲ့ပဲသွားတယ်။ မြို့ထဲမှာက (အဖွဲ့)အကုန်လုံးရှိတယ်။ သူတို့က နားလည်မှုယူထားတယ်ပေါ့၊ နားလည်မှုနဲ့ အဲဒီလိုမျိုးသွားလာတယ်ပေါ့။ အဓိက တိုက်ပွဲမဖြစ်ဖို့ဘဲ ပြည်သူတွေဒုက္ခမရောက်ဖို့နား လည်မှုနဲ့ အကုန်လုံး။ မြို့ထဲမှာတိုက်ပွဲမဖြစ်ဖို့ ပြည်သူတွေဒုက္ခမရောက်ဖို့။ အဲ့ဒါကြောင့်မို့ အဖွဲ့အစည်း အဓိကမိန်းအဖွဲ့အစည်း(၄)ဖွဲ့က ထိန်းထားပေးတယ်ပေ့ါ။ တပ်ကနှောင့်ယှက်တာတွေ မရှိဘူး။ စစ်တပ်က တပ်ဝန်းထဲမှာပဲနေတယ်၊ သူ့ဘာသာသူနေတယ်။ သူတို့အောက်ကိုမဆင်းလာဘူး။ (၂)နှစ်လောက်ရှိပြီး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘုရားသုံးဆူမြို့မှာ KNU လက်နက်ကိုင်တပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)နဲ့ NCA လက်မှတ်ထိုးပြီး စစ်ကောင်စီနဲ့ အကြိမ်ကြိမ်သွားရောက်တွေ့ဆုံခဲ့တဲ့ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီတပ်(KNU/KNLA PC)တို့လည်း ရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာ ဘုရားသုံးဆူမြို့ပေါ်မှာ စစ်ကောင်စီတပ်ရင်း(၁)ရင်းနဲ့ ရဲစခန်းတစ်ခုရှိပြီး မြို့အဝင်စခန်းဂိတ်မှာ BGF နဲ့ DKBA ၊ ထိုင်း-မြန်မာနယ်စပ်စည်းမျဉ်းပေါ်က ချက်ပွိုင့်ဂိတ်မှာ စစ်ကောင်စီတပ်နဲ့ BGF တို့ တပ်စွဲထားသလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)အပြင် အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း သွားလာလှုပ်ရှားနေတာဖြစ်ပါတယ်။

ဘုရားသုံးဆူမြို့တွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးအနေနဲ့ နားလည်မှုရယူပြီး ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ဘုရားသုံးဆူမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖေါ်ဝါရီလပိုင်းက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့ ရဲစခန်းတွေကို KNLA ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်မီးရှို့ တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း မြို့တွင်းထဲမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အသက်မဝင်တော့ဘဲ လက်ရှိမှာ KNU က အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ ဝင်ရောက်ဆောင်ရွက်နေတာဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်တွေဖြစ်ပြီးတဲ့နောက်ပိုင်း ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီခန့် မြို့အုပ်ချုပ်ရေးမှူးမရှိတော့သလို မြို့အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီက ခန့်အပ်ခြင်း မပြုရသေးဘူးလို့ ဒေသခံတွေကနေ သိရပါတယ်။

” DKBA တို့ PC တို့ကကျတော့ ပူးပေါင်းပြီးတော့မှ မြို့လုံခြုံရေးပေါ့။ မြို့လုံခြုံရေး မြို့ရဲ့ဖြစ်လာတဲ့ ဒုစရိုက်ဘာညာအကုန်လုံး သူကပူးပေါင်းပြီးတော့လုပ်တာပေါ့။ လုံခြုံရေးက အဓိက BGF က တာဝန်ယူတယ်။ ကျန်တဲ့အဖွဲ့က ပူးပေါင်းပေးတယ်။ နားလည်မှုနဲ့သွားတာ။ ဥပမာတပ်က သူ့ဘာသာသူနေ။ ဒီမြို့တွင်းလုံခြုံရေး မြို့တွင်းရာဇဝတ်မှုဘာညာ သူတို့(KNU)ပဲ ဆက်လုပ်မယ်ဆိုပြီးတော့မှ အဲဒီလိုမျိုးသဘောလေ။ အဲ့ဒါကြောင့်မို့လို့တပ်က ဒီဘက်အောက်ကို လုံးဝမဆင်းလာဘူး။ ဒီဘက်ပိုင်းကကျတော့ အဲဒီယန္တရားကတော့ အဲဒီလိုမျိုးလည်ပတ်နေတယ်။ (စစ်ကောင်စီ)ဌာနဆိုင်ရာရုံး မရှိတော့ဘူး။ (စစ်ကောင်စီ)မြို့အုပ်ချုပ်ရေးမှူးက ပြောင်းပြီ။ မြို့အုပ်ချုပ်ရေးမှူး မရှိသေးဘူး။ မခန့်ရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပျက်စီးယိုယွင်းနေပြီး ခိုးဆိုးလုယက်တာတွေများလာတဲ့အတွက် ပြည်သူလူထုရဲ့ တောင်းဆိုမှုနဲ့ KNU က လက်ရှိမှာ အုပ်ချုပ်ရေး တရားစီရင်ရေးတွေကို ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဘုရားသုံးဆူမြို့ဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် KNU ဒူးပလာယာခရိုင် တပ်မဟာ (၆)နယ်မြေထဲမှာရှိပြီး စစ်ကောင်စီက (၂၀၂၃)ခုနှစ် ဖေဖေါ်ဝါရီလက စစ်အုပ်ချုပ်ရေး မာရှယ်လောအမိန့် ထုတ်ပြန်ထားခဲ့သလို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဘုရားသုံးဆူမြို့နဲ့ ပတ်ဝန်းကျင်ဒေသတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

ကရင်ပြည်နယ်ထဲမှာ ဘုရားသုံးဆူမြို့အပြင် ဖာပွန်ခရိုင် ဖာပွန်မြို့ပေါ်မှာလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးစနစ်ယန္တရားတွေ မလည်ပတ်နိုင်တော့သလို အချို့မြို့အချို့တွေမှာလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်နိုင်မှုအတိုင်းအတာက အနည်းအကျဉ်းသာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.