ပေါင်၊ စက်တင်ဘာ(၂၁)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၅ ဦးကို ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ မကြာခဏပစ်သတ်ခံနေရတဲ့ ဥတ္တံတားကျေးရွာကို ပြီးခဲ့တဲ့ စက်တင်ဘာပထမအပတ်အတွင်း စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီထဲကဒေသခံ ၅ ဦးကို စစ်ကောင်စီကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ၊ ၅၂ အပြင် အကြမ်းဖက်ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။

အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင်ခံထားရတဲ့သူတွေထဲမှာ ဥတ္တံတားဒေသခံ ကိုဖိုးချို၊ ဒေါ်ခင်ဝင်းအပါ အဝင် ဒေသခံ ၅ ဦး အမှုဖွင်ခံထားရတာပါ။

စစ်ကောင်စီကတော့ သူတို့ ၅ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့တာ၊ အားပေးကူညီတာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံ ပေါင်ဒေသခံ ၅ ဦးဟာ စစ်ကောင်စီ စွဲဆိုထားတဲ့ အကြမ်းဖက်မှုတွေအရ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက်အပြင် နှစ်ရှည်ထောင်ဒဏ်တွေလည်း ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ဒေသခံ ၁၅ ဦးမှာ ကျန်ရှိတဲ့ ဒေသခံ ၁၀ ဦးကိုတော့ စစ်ကြောရေးမှာ ပို့ဆောင်စစ်ဆေးနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရရှိပါတယ်။

စစ်ကြောရေးပို့ဆောင်ခံထားရတဲ့ ဖမ်းဆီးခံမိသားစုဝင်တွေကတော့ သူတိုရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူ ၈၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) က စက်တင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.