နေပြည်တော်၊ စက်တင်ဘာ(၂၁)

တည်ဆဲနိုင်ငံရေးပါတီတွေထဲက ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီတို့ရဲ့ ပါတီဝင်စာရင်းမှာ ဝန်ထမ်းတွေပါဝင်နေတယ်လို့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြောပါတယ်။

နိုင်ငံရေးပါတီတွေပေးပို့လာတဲ့ သတ်မှတ်ပါတီဝင်အင်အားစာရင်းတွေကို သက်ဆိုင်ရာမြို့နယ်ရှိ ထွေအုပ်၊ လဝကနဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်းပြီး စိစစ်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၈ ရက်နေ့က ပဲခူးနဲ့ မန္တလေးတို့မှာ ပြုလုပ်ခဲ့တာပါ။

အဲဒီအစည်းအဝေးကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီနဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီတို့က တိုင်းအဆင့်ပါတီဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်လာတဲ့ ပါတီလေးခုကနေ သတ်မှတ်ကာလအတွင်း ပေးပို့လာတဲ့ ပါတီဝင်စာရင်းမှာ ဥပဒေနဲ့အညီ နေထိုင်သူစာရင်း မရှိသူတွေ၊ အမည်နဲ့မှတ်ပုံတင်ကတ်အမှတ်တူသူတွေ၊ မှတ်ပုံတင်ကတ်အမှတ်သာတူသူတွေအစရှိတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ ပါတီဝင်အင်အားတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပါတီဝင်စာရင်းမှာ ဝန်ထမ်းတွေပါဝင်နေပြီး နေရပ်လိပ်စာပြည့်စုံမှုမရှိတဲ့ ပါတီဝင်တွေ ပါဝင်နေတာကိုလည်း တွေ့ရှိရတယ်လို့ စစ်ကောင်စီ UEC အဖွဲ့ဝင် ဦးစိုးဦးနဲ့ ဦးသန်းအောင်ကျော်တို့က ပဲခူးနဲ့ မန္တလေးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ အရ ပါတီဝင်တွေဟာ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူဖြစ်ရမှာဖြစ်သလို နိုင်ငံ့ဝန်ထမ်းမဟုတ်သူ ဖြစ်ရမယ်လို့ အချက် ၁၀ ချက်နဲ့ ပြဌာန်းထားပါတယ်။

အဲဒီ ပုဒ်မ ၁၀ ပါ အချက်တစ်ရပ်ရပ်နဲ့ ကိုက်ညီခြင်းမရှိတဲ့သူတွေကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိမ်ချန်ထားရှိရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဘူးလို့ ပုဒ်မ ၁၂ မှာ ဖော်ပြထားတာပါ။

ပါတီလေးခုထဲက ပြည်ခိုင်ဖြိုးပါတီဟာ UEC ထံ ပထမဦးဆုံး ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီဖြစ်သလို မှတ်ပုံတင်ခွင့်ရရှိထားတဲ့ တည်ဆဲနိုင်ငံရေးပါတီ ၃၇ ပါတီထဲက မှတ်ပုံတင်အမှတ်စဉ် ၁ အဖြစ် ရရှိထားတာပါ။

တစ်ဖက်မှာ အာဏာရှင်လက်သစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောထောက်နောက်ခံပေးထားပြီး စစ်တပ်အရာရှိဟောင်းတွေ ကြီးစိုးနေဆဲဖြစ်တဲ့ ပါတီလည်းဖြစ်ပါတယ်။

တစညပါတီလို့ လူသိများတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကတော့ လူထုအရေးတော်ပုံ မပေါ်ပေါက်ခင် တစ်ပါတီအာဏာရှင်စနစ် ကျင့်သုံးတဲ့ကာလတုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ ၁၉၈၈ ခုနှစ် စက်တင်ဘာမှာ ပါတီအမည် ပြောင်းလဲခဲ့တာပါ။

ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီကတော့ အရင်က ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကို အမည်ပြောင်းလဲပြီး ပါတီသစ်အဖြစ် တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတာ ဖြစ်ပါတယ်။

နောက်ထပ် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကလည်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးမှာ တက်ကြွလှုပ်ရှားတဲ့ နိုင်ငံရေးပါတီတစ်ခု ဖြစ်ပါတယ်။

စစ်ကောင်စီ UEC ကတော့ နိုင်ငံရေးပါတီတွေ တင်ပြလာတဲ့ သတ်မှတ်ပါတီဝင်စာရင်းတွေ မှန်ကန်မှုရှိ မရှိနဲ့ မြေပြင်မှာအမှန်တကယ်နေထိုင်ခြင်း ရှိ မရှိကို သက်ဆိုင်ရာ မြို့နယ်ထွေအုပ်၊ လဝကနဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေ ပူးပေါင်းပြီး သတ်မှတ်ကာလအတွင်း စစ်ဆေးသွားမယ်လို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Twitter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.