ပေါင် – စက်တင်ဘာ(၂၁)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာအနီးရှိ ပေါင်-သထုံခရိုင်ချင်းဆက်လမ်းပေါ်မှာ စက်တင်ဘာ ၂၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က စစ်ထောက်လှမ်း ရေး သတင်းပေးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မုတ္တမကနေ အုန်းတပင်ကျေးရွာကို တစ်ဦးတည်း ကားမောင်းပြီး ပြန်လာတဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) သတင်းပေး အသက် ၅၃ အရွယ် ဦးဝင်းဇော် (ခေါ်) ဂျက်ကော့ကို အမည်မသိ သေနတ်သမားတွေက အသင့်စောင့်ဆိုင်းပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးဝင်းဇော်(ခေါ်) ဂျက်ကော့ဟာ ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက် ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ပေါင်ဒေသခံတွေအဆိုအရ သေဆုံးသွားတဲ့ ဦးဝင်းဇော်(ခေါ်) ဂျက်ကော့ဟာ ဒေသတွင်းမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ စရဖတွေအတွက် ငွေကြေးကောက်ခံပေးတာ၊ ပြည်သူတွေအပေါ် ရိုင်းစိုင်းတဲ့ အပြုအမူတွေနဲ့ ဆက်ဆံနေတဲ့အတွက် နာမည်ဆိုးနဲ့ ကျော်ကြားတာပါ။

စစ်ထောက်လှမ်းရေးသတင်းပေး ဦးဝင်းဇော်(ခေါ်) ဂျက်ကော့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး အလောင်းကိုတော့ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံထံ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကလည်း ပေါင်မြို့ မိုးနိုင်းရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ပေါင်မြို့မရဲစခန်းက နယ်ထိန်းရဲ ကိုကိုလွင် သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးထားပါတယ်။

ပေါင်မြို့နယ်မှာ အခုလအတွင်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးတွေ မကြာခဏ ပစ်သတ်ခံနေရတာကြောင့် စစ်ကောင်စီတပ်က ဥတ္တံတားနဲ့ရင်ငြိမ်းကျေးရွာတွေမှာ စစ်ကြောင်းထိုးပြီး ဒေသခံတွေကို ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.