နေပြည်တော်၊ စက်တင်ဘာ(၂၁)

နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရှိတဲ့ကုမ္ပဏီပေါင်း ၁၂၃ ခုကို လုပ်ငန်းလိုင်စင် ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က စက်တင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။

လုပ်ငန်းလိုင်စင်ရုပ်သိမ်းလိုက်တဲ့ ကုမ္ပဏီတွေဟာ သတ်မှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတာကြောင့် ဗဟိုဘဏ်ရဲ့ အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဗဟိုဘဏ်ကတော့ လုပ်ငန်းလိုင်စင် ရုပ်သိမ်းလိုက်တဲ့ ကုမ္ပဏီတွေဟာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအပြင် ထုတ်ပြန်ထားတဲ့ ဘယ်စည်းကမ်းချက်တွေကို ဖောက်ဖျောက်ခဲ့လို့ လိုင် စင်ရုပ်သိမ်းရတာလဲဆိုတာတော့ အသေးစိတ်ဖော်ပြထားတာ မရှိပါဘူး။

ဒီဖြစ်စဉ်အပေါ် ငွေကြေးရေးရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (CRYH)အဖွဲ့ဝင် ဦးတင့်လွင်က နိုင်ငံခြားငွေလဲလှယ်တဲ့လုပ်ငန်းတွေ ပိတ်သိမ်းမှုကြောင့် ခေတ်အဆက်ဆက် ငွေကြေးလဲလှယ်တဲ့ လုပ်ငန်းတွေပျက်ပြီး မှောင်ခိုဈေးကွက် ကြီးထွားလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“လုပ်ငန်းတွေအနေနဲ့က တော်တော်များများကို ပိတ်သိမ်းခံရတဲ့အတွက် အစိုးရသတ်မှတ်ထားတဲ့ စည်းကမ်းချက်များကို လိုက်နာပြီးတော့ ရောင်းဝယ်ဖို့က ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် လိုင်စင်ရုပ် သိမ်းတယ်လို့ ယူဆရတာပေါ့နော်။ အဲဒီအခါကျတော့ ဒီအဓိပ္ပာယ်မဲ့တဲ့၊ ဈေးကွက်မှာမဖြစ်နိုင်တဲ့ ဈေးတွေနဲ့ သတ်မှတ်ဈေးနဲ့ ရောင်းဝယ်ခိုင်းတဲ့အခါမှာ ဒီလိုမဖြစ်နိုင်တဲ့အတွက် ဒီလုပ်ငန်းတွေကလည်း လိုင်စင်ရုပ်သိမ်းခံရတဲ့အထိ အရေးယူခံရပြီးတော့ အခုလိုဖြစ်ရတယ်ပေါ့နော်။ အကျိုးဆက်ကဘာဖြစ်မလဲဆိုလိုရှိရင် ဒီနိုင်ငံချင်းတရားဝင် ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် တည်ဆောက်ထားတဲ့ ဒီဒေါ်လာတရားဝင်လဲလှယ်ရေးလုပ်ငန်းက ပျက်သွားပြီးတော့ အစိုးရထိန်းချုပ်တဲ့ဈေးနဲ့ပဲ ဒေါ် လာဝယ်ရမယ်ဆိုတော့ ဒီဟာကလည်း အစိုးရထိန်းချုပ်တဲ့ဈေး၊ အစိုးရသတ်မှတ်တဲ့ဈေး ဆိုတာကလည်း လုံးဝမဖြစ်နိုင်တဲ့ဈေးတွေဖြစ်တဲ့အတွက် ဒီဟာကမှောင်ခိုဈေးကွက်ကို ပိုပြီးတော့ ကြီးထွားလာပြီးတော့ မဆလခေတ်က အခြေအနေတွေကို ပြန်ရောက်သွားမှာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် သွင်းကုန်ပစ္စည်းတွေအတွက် ဒေါ်လာလိုအပ်ချက် ကြီးမားနေတဲ့အချိန်မှာ အခုလိုလုပ်ငန်းတွေကို ပိတ်သိမ်းလိုက်တာကြောင့် နိုင်ငံခြားငွေတွေကို မှောင်ခိုဈေးနဲ့ဝယ်ယူရမှာ ဖြစ်တဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်တွေကိုပါ ပြည်သူတွေအနေနဲ့ ထပ်မံခံစားရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ နိုင်ငံခြားငွေ လဲလှယ်နေတဲ့ လုပ်ငန်းတွေအပေါ် ထပ်မံခြိမ်းခြောက်လိုက်တာဖြစ်ပြီး နိုင်ငံခြားငွေကြေးကဏ္ဍအတွက် ကြီးမားတဲ့ အ ခက်အခဲတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

“နိုင်ငံခြားငွေလဲလှယ်တဲ့ လုပ်ငန်းဆိုတာ လူလာပြီးမှ လဲမှပဲလဲရမှာလေ။ အပြင်မှာ (၃၀၀၀)တန်ပစ္စည်း တစ်ခုကို ဒီက (၂၀၀၀)နဲ့ ဖြတ်ပြီးယူထားတဲ့အတွက် ဘယ်သူကလဲမှာလဲ။ နိုင်ငံခြားငွေလဲလှယ်တဲ့လုပ်ငန်းဆိုတာတော့ အကျိုးအမြတ်လိုချင်တာပဲလေ။ ဒါပေမယ့်အစိုးရက ပြင်ပပေါက်ဈေးနဲ့ဖွင့်ပေးမှ အဲဒီနိုင်ငံခြားငွေ လဲလှယ်တဲ့လုပ်ငန်းတွေက အလုပ်ဖြစ်မှာလေ။ အလုပ်မလုပ်ရင်လည်း သူက (၃)လဆို လိုင်စင်သိမ်းတယ်။ နိုင်ငံခြားငွေ လဲလှယ်တဲ့လုပ်ငန်းတွေ ပိတ်သိမ်းလိုက်တာတော့ ပွင့်ပွင့်လင်းလင်း ပြောလို့ရှိရင်တော့ ငွေကြေးမဖောင်းပွအောင်ပေါ့။ သူတို့က ပညာပေးအနေနဲ့ လုပ်လိုက်တာပေါ့၊ နောက်လူတွေလည်း ကြောက်သွားအောင်ပေါ့။ တချို့ကျတော့လည်း သူလည်းအရှုံးခံပြီးတော့မှ ဘယ်သူကမှလာမလဲတာ။ အဲဒီအခါကျတော့ ဒုက္ခတွေ ရောက်တော့တာပေါ့၊ တစ်ယောက်တစ်မျိုးကွာ ပေါ်လစီအသစ်တွေကို အမျိုးမျိုးချနေကြတာပေါ့”လို့ ဆိုပါတယ်။

နိုင်ငံခြားငွေလဲလှယ်တဲ့ လုပ်ငန်းတွေကို ပိတ်သိမ်းလိုက်တဲ့အတွက် အရင်လိုနိုင်ငံခြားငွေတွေကို အလွယ်တကူ လဲလှယ်လို့မရတော့သလို သူတို့သတ်မှတ်ထားတဲ့နေရာနဲ့ ဘဏ်တွေမှာ လဲလှယ်ပါကလည်း ပြင်ပပေါက်ဈေးနဲ့ အများကြီးကွာဟနေတာကြောင့် နိုင်ငံခြားငွေလဲလှယ်မှု ရှိတော့မှာမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီပိတ်သိမ်းလိုက်တဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ ကုမ္ပဏီအများစုဟာ ခရီးသွားအေဂျင်စီတွေ၊ ဟိုတယ်တွေနဲ့ ရောင်းဝယ်ရေးလုပ်ကိုင်တဲ့ ကုမ္ပဏီတွေ ပါဝင်တာကြောင့် ခရီးသွားလုပ်ငန်းတွေကအစ ထိခိုက်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ငွေကြေးသုံးသပ်သူတွေအဆိုအရ နိုင်ငံခြားငွေလဲလှယ်တဲ့ ကုမ္ပဏီတွေကို ဆက်တိုက်ပိတ်သိမ်းမှုဟာ နိုင်ငံခြားငွေထိန်းချုပ်ဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုဖြစ်ပြီး သူတို့မှာနိုင်ငံခြားငွေ လိုအပ်ချက်ကြီးမားနေတာကို ပြသနေတာလို့ ဆိုကြပါတယ်။

စစ်ကောင်စီဟာ အခုနှစ်ထဲမှာ နိုင်ငံခြားငွေလဲလှယ်တဲ့ ကုမ္ပဏီပေါင်း ၁၆၈ ခုကို လုပ်ငန်းလိုင်စင် ရုပ်သိမ်းခဲ့ပြီး အခုအကြိမ်လုပ်ငန်းလိုင်စင်ရုပ်သိမ်းမှုဟာ အများဆုံးစံချိန်တင် ပိတ်သိမ်းမှုလည်း ဖြစ်လာခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.