မော်လမြိုင် ၊ စက်တင်ဘာ (၂၁)

တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သက်လွင်ဟာ မနေ့ စက်တင်ဘာ ၂၀ ရက်နေ့ ညဦးပိုင်းက ရန်ကုန်မြို့ရှိ ကန်သာယာဆေးရုံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

နိုင်သက်လွင်ဟာ အမျိုးသားဒီမိုကရေစီအစိုးချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်အထိ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၃ နှစ်ရှိပြီး ဖြစ်ပါတယ်။

သူ့ကို ၁၉၄၀ ခုနှစ်မှာ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ရှိ လက်ပံရွာမှာ ဖခင် ဦးလုံးတင် မိခင် ဒေါ်ကရွတ်တို့ကနေ မွေးဖွားခဲ့ပြီး မော်လမြိုင်တက္ကသိုလ်မှာ မွန်စာပေနဲ့ ယဉ်ကျေးမှုအသင်းမှာ ပါဝင်ကာ ဘီအေ (ဒဿနိကဗေဒ) ဘာသာရပ်နဲ့ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သူပါ။

နိုင်ငံရေးလောကထဲကို အသက် ၁၈ နှစ်နဲ့ ၁၉၅၈ ခုနှစ်မှာ ဝင်ရောက်ခဲ့တဲ့ နိုင်သက်လွင်ဟာ ၈ လေးလုံး အရေးတော်ပုံဖြစ်တဲ့ ၁၉၈၈ ခုနှစ်မှာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ဖွဲ့စည်းရာမှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဦးသိန်းစိန်ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှာတော့ မွန်ဒီမိုကရေစီပါတီ (MDP) နဲ့ ၂၀၁၄ ခုနှစ်မှာ MDP ပါတီကို မွန်အမျိုးသားပါတီ (MNP) အဖြစ် အမည်ပြောင်းလဲခဲ့ရာ နိုင်သက်လွင်က ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူပါ။

နိုင်သက်လွင်ဟာ NLD အစိုးရလက်ထက်တုန်းက မွန်ပြည်နယ်၊ချောင်းဆုံမြို့နဲ့ မော်လမြိုင်မြို့ကို ဆက်သွယ်ပေးတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် သတ်မှတ်ပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့သူ NLD ကိုယ်စားလှယ်ဟောင်း မိကွန်းချမ်းရဲ့ ဖခင်လည်းဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သက်လွင်ရဲ့ ရုပ်ကလာပ်ကို မနက်ဖြန် စက်တင်ဘာ ၂၂ ရက်နေ့ မော်လမြိုင်မြို့ရှိ ပိန္နဲကုန်းသုဿာန်မှာ ပို့ဆောင် မီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.