“စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်အားခငွေကို ခေါင်းပုံဖြတ်ဂုတ်သွေးစုပ်တယ်လို့ တည့်တည့်ပဲမြင်တယ်”

ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ မိသားစုထံပေးပို့တဲ့ လုပ်ခလ စာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်ကနေ မဖြစ်မနေ လွှဲပြောင်းရမယ်လို့ စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားလာပါတယ်။ စစ်ကောင်စီဩဇာခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ညွှန်ကြားစာအရ ပြည် ပထွက် အလုပ်လုပ်သူတွေအနေနဲ့ သူတိုရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို တစ်လတစ်ကြိမ် ဒါမှမဟုတ် ၃ လတစ်ကြိမ် မဖြစ်မနေလွှဲပြောင်းပေးပို့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီရဲ့ ဖြတ်တောက်မှု၊ အလုပ်သမားတွေရဲ့ သဘောထားတာတွေ၊ ပြည်ပရောက်အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ညီညွတ်သောဒီမိုကရက်တစ်မျိုးဆက်များအဖွဲ့မှ အလုပ်သမားရေးရာ တာဝန်ခံကိုမြတ်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီ သတ်မှတ်ထားတဲ့ ငွေလဲနှုန်းအတိုင်း လွှဲပြောင်းပေးပို့ခိုင်းတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

စစ်ကောင်စီက လုပ်အားခငွေကို ခေါင်းပုံဖြတ်ဂုတ်သွေးစုပ်တယ်လို့ တည့်တည့်ပဲမြင်တယ်။ စစ်ကောင်စီက လုပ်အားခငွေကို ခေါင်းပုံဖြတ်ဂုတ်သွေးစုပ်တယ်လို့ ဘာကြောင့်ပြောနိုင်လဲဆို အချက်အလက်နဲ့ပြောရမယ်ဆို ရင် ပြည်ပထွက်ခွာပြီး အလုပ်လုပ်နေတဲ့ လုပ်သားတွေက ပြည်ပမှာကျွန်လိုလုပ်ကိုင်နေရတာဖြစ်တယ်။ ဘယ် အလုပ်သမားဥပဒေမှ ကာကွယ်ပေးနိုင်မှုမရှိဘူး။ ကိုယ့်နိုင်ငံအစိုးရကလည်း ကာကွယ်မပေးဘူး။ တခြားနိုင်ငံရဲ့ ဥပဒေအားနည်းချက်တွေကြောင့် မြန်မာလုပ်သားတွေဟာ ဘယ်နိုင်ငံမှာမဆို မလေးရှား၊ စင်ကာပူ၊ထိုင်း နိုင်ငံ တွေမှာ ဥပဒေချိုးဖောက်ခံနေရတာတွေ ရှိတယ်။ ရှင်းရှင်းပြောရရင် စစ်ကောင်စီက လုပ်အားခတွေကို ဂုတ်

သွေးစုပ်တယ်။ သူတို့နိုင်ငံခြားလိုငွေပြတဲ့အတွက် ဂုတ်သွေးစုပ်တယ်။ နိုင်ငံခြားလိုငွေပြတာက နွေဦးတော်လှန်ရေးကို ချေမှုန်းဖို့လက်နက်ဝယ်တယ်။ ရည်ရွယ်ချက်တွေက ဒါပါပဲ။ အလုပ်သမားတွေကိုမှ လုပ်တာမဟုတ် ပါဘူး။ နိုင်ငံတစ်နိုင်ငံလုံးက လုပ်အား၊ အကျိုးစီးပွား၊ အာဏာ၊ အုပ်ချုပ်ရေး၊ ဥပဒေအားလုံးကို ဂုတ်ခွစီးနေတဲ့ အခြေအနေ တစ်ရပ်လို့ပဲမြင်တယ်။ ဒီမှာတောင်ပြည်ပမှာ မားမားသောက်ပြီး ကော်ဖီတခွက်နဲ့ ၈ပေလောက်ရှိ တဲ့အခန်းကျဉ်းလေးထဲနေရတဲ့ ဘဝတွေကို ဂုတ်သွေးစုပ်တယ်။ ဆိုတော့ နိုင်ငံရပ်ခြားက လုပ်သားတွေ ဘယ်လို ရှင်သန်နေကြလဲ။ ဒီအချက်တွေကို မျက်ကွယ်ပြုပြတော့ လုပ်အားခေါင်းပုံဖြတ်မှုကို လုပ်သားတွေကလည်း လုံးဝလက်မခံပဲ ၂၅ရာခိုင်နှုန်း တရားဝင်ငွေလွှဲဖို့မလုပ်ပဲ တခြားငွေလွှဲနည်းနဲ့ သွားကြပါ။ မိမိတို့ဘဝနဲ့ ရင်းရတဲ့ ပိုက်ဆံတွေကို ပြည်သူကိုသတ်ဖို့ စစ်ကောင်စီကျည်ဆန်ဖိုး မဖြစ်စေချင်ဘူး။ ဒါကြောင့် အလုပ်သမားတွေကလည်း မပေးပါဘူး။ တချို့မသိနားမလည်ရင် ပေးမိသွားမှာစိုးလို့။

 ၂။ စစ်ကောင်စီရဲ့ အခုလို ညွှန်ကြားချက် ပြည်ပရောက် မြန်မာအလုပ်သမားတွေ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရနိုင်လဲ။ ဒီအပေါ်မှာ ပြောပြပေးပါဦး။

တရားဝင်လမ်းကြောင်းကလာတယ်။ တရားဝင်လမ်းကြောင်းက လာကြတဲ့သူတွေကတော့ ခက်ခဲမှုရှိနိုင်မယ်။ တဖက်မှာလည်း မိသားစုတွေကျန်နေတယ်။ တဖက်ကလည်း နိုင်ငံရပ်ခြားသွားမယ့်အကြောင်းကို တရားဝင် အေးဂျင့်နဲ့သွားကြတာဆိုတော့ သူတို့ကတော့မဖြစ်မနေလွှဲတာမျိုးရှိနိုင်ပေမယ့် စေတနာတော့ရှိမှာ မဟုတ်ဘူး။ တိုင်းပြည်က ဆီတန်းစီ၊ ဆန်တန်းစီနေရတဲ့အချိန်ကို ရောက်နေပြီ။ ဒီတော့ စစ်ကောင်စီကဘတ်ဂျတ်လိုငွေပြတယ်ဆိုတာထက် နောက်ဆုံးတပြားမကျန်ခြစ်ကုပ်ယူဆောင် သွားမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးယူဆတယ်။ စစ်ကောင်စီနဲ့ပက်သက်တဲ့ ခရိုနီတွေရဲ့ချမ်းသာမှုဟာ ကျွန်တော်တို့မမျှော်မှန်း စိတ်ကူးတောင် မယဉ်နိုင်တဲ့ ချမ်းသာမှုတွေရှိပါတယ်။ လက်ရှိစစ်ကောင်စီအပါအဝင် ထိပ်ပိုင်းမင်းအောင်လှိုင်ကအစပေါ့။

ခရိုနီတွေအထိ ပိုင်ဆိုင်မှုတွေ ဒေါ်လာဘီလီယံထောင်နဲ့ချီတယ်ဆိုတာ တော်တော်များများသတင်းတွေမှာ အားလုံးသိပြီးသားလည်း ဖြစ်ပါတယ်။ ဒီပိုက်ဆံတွေကို တိုင်းပြည်အတွက် ထုတ်မသုံးဘူး။ တိုင်းပြည်စီးပွား အတွက်ပဲသုံးမယ်။ နောက်ဆုံးတိုင်းပြည်ကနေ ရတဲ့တပြားတချပ်မချန် ခြစ်ကုပ်ယူမယ်ဆိုတဲ့ အယူအဆပေါ် အခြေခံပါတယ်။ ပြည်သူလူထုက စားဝတ်နေရေးကိုပဲ အာရုံစိုက်နိုင်အောင် စစ်ကောင်စီတမင်တကာ ရည် ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ပဲ မြင်ပါတယ်။

၃။ စစ်ကောင်စီက သူတို့ညွှန်ကြားထားတဲ့ ငွေမလွှဲရင် ပြည်ပထွက်ခွင့် ၃ နှစ်ပိတ်မယ်လို့ ပြောလာတာ တွေ့ရပါတယ်။ဒီ လုပ်ရပ်ဟာ အလုပ်သမားတစ်ယောက် လူသားတစ်ယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်တယ်လို့ မြင်ပါသလား။ ဒီအပေါ်မှာ ဆွေးနွေးပေးပါဦး။

ချွေးနဲစာနဲ့လုပ်ရတဲ့ လုပ်အားခကို ၂၅ရာခိုင်နှုန်းပေးရမယ်ဆိုတာက လုပ်အားခကိုဂုတ်သွေးစုပ်တယ်ဆိုတာ ကျွန်တော်ပြောပြီးသားပဲ။ ကိုယ့်တိုင်းပြည်ထဲမှာ လုပ်ကိုင်စားသောက်ဖို့မရှိလို့ သူတပါးနိုင်ငံမှာ ကျွန်သွား လုပ်တဲ့သူဆီက ပိုက်ဆံပြန်လိုချင်နေတဲ့စစ်တပ်ကို ကျွန်တော်တို့က ဘာတွေမျှော်လင့်နေရဦးမလဲ။ နည်းမျိုးစုံနဲ့ ပြည်သူလူထုကို အစွမ်းကုန်ယုတ်မာ ဂုတ်သွေးစုပ်နေတဲ့ စစ်ကောင်စီက လုပ်အားခထဲက ၂၅ရာခိုင်နှုန်းတွေ ပေးဆောင်နေလည်း စစ်ကောင်စီက ဆက်လက်ယုတ်မာနေဦးမယ်။ စစ်ကောင်စီက သူတို့အာဏာအကျိုး စီးပွားနဲ့ပတ်သက်ရင် သူတို့အချင်းချင်းလည်းမထားဘူး။ အာဏာအကျိုးစီးပွားနဲ့ ပတ်သက်လာရင် ဘယ်သူ့ မျက်နှာမှ မထောက်ဘူး။  ပြည်သူကဘယ်လောက်ပဲ လိုက်လျောပေးနေပါစေ၊ အခွန်တွေ ဆောင်ပေးနေပါစေ အချိန်တန်ရင်တော့ အိမ်တံခါးဝကို စစ်ကောင်စီက ဓါးပြတိုက်ဖို့ ရောက်လာလိမ့်ဦးမှာလို့ ကျွန်တော်ပြောချင် တယ်။

၄။ အခုညွှန်ကြားချက်ကြောင့် ပြည်ပရောက် မြန်မာလုပ်သားတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ ဘာတွေ ပြင်ဆင်ထားဖို့ အကြုံပြုလိုပါသလဲ။ နိုင်ငံတကာအပြင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုရော ဘာတွေ ပြောပြချင်တာ ရှိမလဲ။

အစိုးရရဲ့ ကျွန်ပြုမှုပေါ့။ ရတဲ့ပိုက်ဆံကို ပြည်သူကို ဂုတ်သွေးစုပ်တယ်။ အင်မတန်မှကို ရုပ်ပျက်လွန်းတယ်။ ရက်စက်လွန်းတယ်။ တရားဝင်ကျွန်ပြုနေတာကို ILOနဲ့ ကမ္ဘာ့ကုလသမဂ္ဂလူသားချင်းစာနာမှု အဖွဲ့အစည်း၊ လူ့အခွင့်အရေးဆိုင်ရာကော်မရှင်တို့က ဒါကိုပြင်းပြင်းထန်ထန် ရှုတ်ချတားမြစ်မှုတွေ လုပ်စေချင်ပါတယ်။ အလုပ်သမားတစ်ဦးချင်းက သွားတားရင် အဖမ်းခံရမှာလေ။ ပြည်ပထွက်ခွာခွင့် အပိတ်ခံရမှာလေ။ NUG အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြင်းပြင်းထန်ထန်ရှုတ်ချမှုတွေနဲ့ ကမ္ဘာကြီးထံကို အသိပေးဖို့ လိုပါတယ်။ ဒီလိုကာကွယ်မှုကို မလုပ်ရင်ခံရမှာ အလုပ်သမားတွေပါပဲ။ မခံရင်အလုပ်သမားမိသားစုကို ဖမ်းမယ်၊ ထွက်ခွာ ခွင့်ပိတ်မယ်။ ကျွန်ပြုမှုကိုခံနေရတဲ့ အလုပ်သမားတွေကို ကာကွယ်ဖို့က အလုပ်သမားတွေမှာလည်း တာဝန်ရှိ သလို NUG အလုပ်သမားဌာနကနေ ပြင်းထန်တဲ့ကန့်ကွက်ရှုတ်ချမှုတွေ လုပ်ရမယ်။ ILOကိုတိုင်ကြားမှုတွေ လုပ်ရမယ်။

၅။ အလုပ်သမားတစ်ယောက်အနေနဲ့ မဖြစ်မနေလစာရဲ့ ၂၅ ရာခိုင်နှုန်းကို လွှဲပို့ဖို့ သတ်မှတ်လာမှုကို တကယ် လိုက်နာသင့်တယ်လို့ မြင်ပါသလား။

၂၅ရာခိုင်နှုန်းအခွန်လွှဲရမယ်ပေါ့နော်။ မဖြစ်မနေအမိန့်တွေထုတ်နေတယ်။ အမိန့်ထုတ်တိုင်း လိုက်နာကြေးဆို ဒီနွေဦးတော်လှန်ရေးဖြစ်လာစရာ အကြောင်းမရှိဘူး။ အမိန့်တွေထုတ်၊ သေနတ်ပြခြိမ်းခြောက်တိုင်း နွေဦးတော်လှန်ရေး ဒီနေ့အထိ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ပဲ ကျွန်တော်ပြောချင်တယ်။ မိသားစုရဲ့ လုံခြုံရေး အသက်အန္တရာယ် ဓါးပြကဲ့သို့ ရက်စက်တဲ့စစ်တပ်လက်အောက်နေကြရတော့ အချိန်မရွေး အရမ်းကျပ်တည်းလာရင် နီးရာဓားကြောက်ပြီး လိုက်နာရတဲ့ အလုပ်သမားတွေကိုလည်း အပြစ်မတင်ကြဖို့ပေါ့။

သူ့မိသားစုက စစ်အုပ်စုရဲ့အာဏာစက်နဲ့ ကင်းတဲ့နေရာမှာရှိရင် လုံးဝမလိုက်နာပါဘူး။ ရှိရင်တော့ လိုက်နာသင့်ရင်တော့ မဖြစ်မနေလိုက်နာရရင်လည်း အပြစ်မတင်လိုပါဘူး။ ဒီအခြေအနေကနေ  ရုန်းထွက်နိုင်အောင် ကြိုးစားပေးဖို့ပဲ လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

၆။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီလက်ထက်မှာ မြန်မာအလုပ်သမားတွေ ဘယ်လိုအခွင့်အရေးတွေကို အများဆုံးချိုးဖောက်ခံနေရလဲ။

အလုပ်သမားမှာ ကာယလုပ်သား၊ ဉာဏလုပ်သား နှစ်မျိုးရှိတာကိုး။ ဉာဏလုပ်သားဆိုတာ သီချင်းဆိုတာမျိုး မှာလည်း လွတ်လပ်စွာပြောဆိုခွင့်မရှိတော့ ဘယ်လိုအလုပ်လုပ်မှာလဲ။ အခုချိန်ထိ အနည်းဆုံးလုပ်ခလစာ ၄၈၀၀ လွန်ခဲ့တဲ့ သုံးနှစ်ကလည်း ၄၈၀၀။ အဲဒီတော့ ကုန်ဈေးနှုန်းသည် လွန်ခဲ့သော သုံးနှစ်ကထက် သုံးဆ တက်လာတယ်။ အလုပ်သမားတွေသည် မနက်မိုးလင်း မျက်လုံးနှစ်လုံးပွင့်တည်းကနေ ညအိပ်ယာဝင်ချိန်အထိ မိမိကာယလုပ်အား၊ ဉာဏကိုအသုံးပြုပြီး လုပ်နေသော်လည်း အသက်ရှင်ရပ်တည်နိင်တဲ့အခြေအနေကို မရရှိဘူး။ သူတို့ဘာတွေ ဆုံးရှုံးနေတာလဲဆို လူသားဖြစ်ခွင့်ဆုံးရှုံးနေတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.