မော်လမြိုင်၊ စက်တင်ဘာ(၂၁)

တပ်အင်အားပြုန်းတီးမှုနဲ့အတူ စိတ်ဓာတ်ရေးရာပါ ကျဆင်းနေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်မှာ အခုစက်တင်ဘာလအတွင်း တပ်ပြေးတွေပိုများလာတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေထံကနေ စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွေအတွင်း ထွက်ပြေးတာ၊ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေထံ လက်နက်ချအလင်းဝင်တာ၊ အကြောင်းအမျိုးမျိုးပြပြီး တပ်တွင်းကနေ ထွက်ပြေးတာတွေပါ ရှိလာခဲ့ပါတယ်။

သံလွင်တိုင်းမ်က စုံစမ်းမေးမြန်းမှုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်အရာရှိပိုင်းတွေရဲ့ ဖိနှိပ်မှု၊ တပ်တွင်းစည်းကမ်းချက်တွေ ပိုမိုတင်းကျပ်လာတာ၊ မိသားစုစားဝတ်နေရေး ခက်ခဲတာ၊ ဆက်လက်လုပ်ကိုင်လိုစိတ် မရှိတော့အတွက် ထွက်ပြေးတာ ပိုများလာတာလို့ သိရပါတယ်။

အခုလအတွင်း ထွက်ပြေးလာတဲ့ တပ်ပြေးအရေအတွက် အတိအကျမသိရပေမယ့် စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေအဆိုအရ တပ်တစ်တပ်မှာ အနည်ဆုံးတစ်ဦးထက်မနည်း ထွက်ပြေးတာရှိပြီး လုံခြုံရေးတာဝန်ထမ်းဆောင်ရင်း အဆက်အသွယ် လုံးဝပြတ်တောက်သွားတဲ့ တပ်ဖွဲ့ဝင်တွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။

ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးကတော့ KNU ထံ ထွက်ပြေးလာကာ လက်နက်ချအလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မပြတ်တမ်းရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

” စကစဘက်က စစ်သားတွေထွက်ပြေးလာတာတွေရော၊ အလင်းဝင်တာတွေရော၊ လက်နက်လာချတာတွေရောမျိုးစုံပဲလေ။ အဲဒါတွေက ဦးရေတွေကတော့ မပြတ်တမ်းရှိနေတယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့နားလည်ရမှာက အဲဒီလိုလက်နက်ချပြီးတော့ ပြေးဝင်လာတဲ့လူတွေရှိသလို လက်နက်ပါတာပဲဖြစ်ဖြစ်၊ မပါတာပဲဖြစ်ဖြစ် တချို့တွေကမထွက်ပြေးပဲနဲ့ အထဲမှာရှိနေအာဏာဖီဆန်ပြီးတော့ တော်လှန်ရေးကို တစ်နည်းတစ်လမ်းနဲ့ အကျိုးပြုနေတဲ့ စစ်သားတွေလည်းရှိတယ်ဆိုတာ ကျွန်တော်တို့နားလည်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဓိကကျွန်တော်တို့ ပြည်သူဘက်ရပ်တည်ဖို့ပဲလိုပါတယ်။ ပြည်သူဘက်ရပ်တည်မယ်ဆိုရင်တော့ ဘယ်နေရာမှာနေနေ တော်လှန်ရေးကိုအထောက်အကူပြုတယ်ဆိုတာ ကျွန်တော်တို့ကိုလည်း သတင်းပေးချင်တယ်။ အဲဒါကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ်ပေ့ါနော်၊ အထူးသဖြင့် နည်းလမ်းပေါင်းစုံနဲ့ စစ်အာဏာရှင်စနစ်ကိုတိုက် ဖျက်တဲ့နေရာမှာ အထူးသဖြင့် စကစတပ်သားတွေကလည်း လက်နက်နဲ့တကွ ကျွန်တော်တို့ဆီလာပြီးတော့ ပူးပေါင်းမယ်ဆိုတော့ ဒါကတော့ အကောင်းဆုံးဖြစ်တယ်ဆိုပေမယ့်လို့ ဒါကနည်းလမ်းတစ်ခုထဲလည်း မဟုတ်ဘူး။ အခြားနည်းလမ်းတွေနဲ့ လုပ်နိုင်ပါတယ်ဆိုတာ အများကြီးရှိပါတယ်နော်။ ကျွန်တော်တို့လုပ်နိုင်တဲ့အနေအထားတွေကလည်း ကျွန်တော်တို့ဆက်ပြီးတော့အားပေးသွားမှာပါ” လို့ ပဒိုစောတောနီးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) တစ်ခုတည်းကိုပဲ အခုစက်တင်ဘာ ၄ ရက်၊ ၆ ရက်နဲ့ ၈ ရက်နေ့တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံ လာရောက်ပူးပေါင်းလာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးတို့ဟာ အသက်အရွယ်အားဖြင့် ၂၀ နှစ်နဲ့ ၃၃ နှစ်ကြား အရွယ်ရှိသူတွေဖြစ်ကြပြီး စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်ကို မနှစ်သက်တဲ့အတွက် ပြည်သူ့ရင်ခွင်ခိုလှုံကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားတဲ့အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားတွေနဲ့အတူ ပူးပေါင်းပါဝင် ကူညီသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

KNU ကလည်း စစ်ကောင်စီလက်အောက်ခံတပ်က ဘယ်စစ်သားတွေမဆို တပ်ကိုစွန့်ခွာကာ KNU နဲ့ ပြည်သူလူထုထံကို လက်နက်ခဲယမ်းတွေနဲ့အတူ လာရောက်ပူးပေါင်းလာတဲ့ စစ်သားတွေကို နွေးထွေးစွာကြိုဆိုလျက်ရှိပြီး ရှေ့ဆက်ဘဝရပ်တည်နိုင်ရေးအတွက်လည်း ကူညီထောက်ပံပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော် ပြည်သူ့ရင်ခွင်လာရောက် ခိုလှုံထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.