မင်းကင်း၊ စက်တင်ဘာ (၂၀)

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာအနီးရှိ ချင်းတွင်းမြစ်အတွင်း မနေ့ စက်တင်ဘာ ၁၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က အမြန်ရေယာဉ် (ဒေသအခေါ်) ဖလပ်သင်္ဘောတိမ်းမှောက်မှုကနေ အလောင်း ၃၀ နီးပါး ပြန်လည်တွေ့ရှိထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ခန္တီးဘက်ကနေ ကျောက်စိမ်းနဲ့ တန်ဖိုးရှိပစ္စည်းတွေသယ်လာတဲ့ စစ်ကောင်စီရဲ့ သင်္ဘော ၁၃ စီးထဲက တစ်စီးဟာ ပန်းဆက်နဲ့တောင်ဖြူကျေးရွာဆိပ်ကမ်းတွေကနေ ခရီးသည်တွေတင်ပြီး ပြန်လည်ထွက်လာစဉ် တိမ်းမှောက်သွားတာပါ။

“ဖလပ်သင်္ဘောက ပန်းဆက်နဲ့တောင်ဖြူရွာတဝိုက်က တက္ကသိုလ်တက်မယ့် ကျောင်းသားတွေ၊ ပျူစောထီးမိသားစုတွေနဲ့ Non CDM ဝန်ထမ်းတွေကိုတင်ပြီး ခရီးဆက်ဖို့လုပ်ရာမှာ ဝန်ကိုမနိုင်လို့ ကျောက်ဆောင်ကို တိုက်ပြီးတော့ မှောက်တယ်လို့ သိရတယ်၊ လောလောဆယ် အလောင်းသုံးဆယ်လောက်ရထားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိမ်းမှောက်သွားတဲ့ အမြန်ရေယာဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် အရပ်သားပြည်သူ ၁၀၀ ကျော်ပါဝင်ပြီး အဲဒီကဒေသခံ ၅ ဦးကို အသက်ရှင်လျက် ပြန်လည် ကယ်ဆယ်နိုင်ခဲ့ပေမယ့် ပျောက်ဆုံးသူတွေ အများကြီးရှိသေးတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ သင်္ဘောမှောက်တဲ့ နေရာတဝိုက်မှာ ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်နေပြီး အနီးနားကကျေးရွာတွေကိုလည်း စစ်ကြောင်းတွေ ဖြန့်ကျက်ထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဖလပ်သင်္ဘောတစ်စီး တိမ်းမှောက်သွားတဲ့အတွက် အတူမောင်းနှင်းလာတဲ့ သင်္ဘော ၁၂ စီးကလည်း ပန်းဆက်ကျေးရွာအနီး ကျောက်ချထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ အမြန်ရေယာဉ်တစ်စီး ချင်းတွင်းမြစ်ရဲ့ ရေဝဲအတွင်း နစ်မြှုပ်သွားတဲ့အတွက် ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.