ကျုံဒိုး၊ စက်တင်ဘာ(၂၁)

ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နဲ့ ကျုံဒိုးမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က စက်တင်ဘာ ၂၀ ရက် နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က KNU ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေက လက်နက်ကြီး(၆၀ မမ)နဲ့ ပြည်သူနေထိုင်ရာ ကျေးရွာတွေထဲကို ရမ်းသမ်းပစ်ခတ်ခဲ့ရာ နောင်တလာကျေးရွာထဲ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နောင်တလာကျေးရွာအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၅ အရွယ် ယောကျာ်းလေးတစ်ဦး နဖူးပြင်မှာကျည်စထိမှန် ဒဏ်ရာရရခဲ့တာပါ။

KNU ကျုံဒိုးမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ နေ့စဉ်နဲ့အမျှ ရမ်းသမ်းပစ်ခတ်မှုတွေရှိနေတဲ့အတွက် ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်နေရပြီး ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း ရှိနေတယ်လို့ ဒူးပလာယာခရိုင်က ဆိုပါတယ်။

အဲဒီနေ့မှာပဲ ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ စကခ(၁၃)ဗျူဟာမှူးသော်ဇင်နိုင် လက်အောက်ခံ ခလရ (၅၆၁)တပ်ရင်းက (၆၀ မမ) လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျိုက်ဒုံမြို့ တံတားအနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျိုက်ဒုံမြို့နေ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး ညာဘက်ခြေသလုံးမှာ ကျည်စထိမှန်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။

KNU ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံအခြေစိုက်ဗျူဟာက ဗျူဟာမှူးဖြစ်သူသော်ဇင်နိုင်ရဲ့ ညွှန်ကြားမှုနဲ့ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင် ညှဉ်းပန်းနှိပ်စက်တာ စတာတွေလည်း ရှိခဲ့တယ်လို့ KNU က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ကျိုက်ဒုံမြို့မှာ သွားလာနေတဲ့ ဒေသခံ ပြည်သူ ၂ ဦးကို ကျိုက်ဒုံမြို့အခြေစိုက် စကခ (၁၃)လက်အောက်ခံ နည်းဗျူဟာ-၂ မှူး သော်ဇင်နိုင် ဦးဆောင်အဖွဲ့က အကြောင်းမဲ့ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.