ကျိုက်ထို၊ စက်တင်ဘာ(၂၁)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်သေဆုံးနိုင်တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ ယာဉ်တန်းအတွက် ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၁၉ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က သတင်းအရ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး ထိခိုက်သေဆုံးကာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက် မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကျိုက်ထိုမြို့နယ်မှာ အခုလအတွင်း စစ်ကောင်စီတပ်ဟာ လုံခြုံရေးအင်အား ဖြည့်တင်းတာ၊ မော်လမြိုင်-ရန်ကုန်ကားလမ်းနေရာတချို့မှာ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေတာပါ။

ဒါ့အပြင် စက်တင်ဘာ ၁ ရက်နေ့ကနေ ၁၄ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကျိုက်ထိုမြို့နယ် ဇီးကုန်း၊ ငှက်ပျောတောအပါအဝင် ကျေးရွာ ၄ ရွာက ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.