“စစ်ကောင်စီက နိုင်ငံရေးကိုတော့ စစ်ရေးနဲ့ဖြေရှင်းနေပြီး တဖက်လှည့်နဲ့ လူထုကိုတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ကျန်းမာရေး လုပ်ငန်းတွေ၊ ပညာရေးလုပ်ငန်းတွေနဲ့ သွားပြီးချွေးသိပ်နေတာ”

စစ်ကောင်စီရဲ့ အရပ်ဘက်ကောင်စီဝင်တွေဟာ စက်တင်ဘာ ဒုတိယပတ်ကစပြီး ဒီကနေ့အထိ နေ့စဉ်ရက်ဆက်ဆိုသလို တိုင်းရင်းသားပြည်နယ်မှာရှိတဲ့ ဒေသခံပြည်သူလူထုကြား စည်းရုံးရေးခရီးစဉ်တွေ ဆက်တိုက် သွားလာနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ပြည်နယ် ၇ ခုရှိ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြို့မိ မြို့ဖတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူမှုအသင်းအဖွဲ့တွေ၊ ဒေသခံပြည်သူတချို့နဲ့ တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်မှုရရှိရေးနဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ တိုက်တွန်းစည်းရုံးတာတွေ ရှိနေပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ တိုင်းရင်းသားပြည်နယ်တွေမှာ လိုက်လံစည်းရုံးမှု အခြေအနေ၊ ဘယ်လို သက် ရောက်မှုတွေ ရှိလာနိုင်မလဲ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေနဲ့ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး စစ်ကောင်စီ အရပ်ဘက်ကောင်စီတွေ အခုရက်ပိုင်း တိုင်းရင်သားပြည်နယ်တွေမှာ လိုက်လံစည်း ရုံးနေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီအပေါ်မှာသုံးသပ်ပေးပါဦး။

သူတို့ဒီလိုခြေလှမ်းလှမ်းတာကတော့ အဓိကပြန်ပြီးတော့ ပြည်သူလူထုကို စည်းရုံးတဲ့သဘောပေါ့။ အဲဒီဒေသက လည်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး မရှိတော့ဘူးပေါ့။ အဓိကက တိုက်ပွဲတွေဖြစ်နေတယ်။ တိုက်ပွဲတွေမဖြစ်နေရင်တောင်မှ စစ်ကောင်စီတပ်တွေကနေပြီးတော့ ဖမ်းဆီးတာတွေ၊ စစ်တာတွေ၊ သတ်ဖြတ် တာတွေ၊ ဗုံးကြဲတာတွေ၊ အဝေးကနေပစ်ခတ်တာတွေ အဲဒီလိုဆက်တိုက်ရှိနေတဲ့ကာလမျိုးမှာပေါ့။

အောက်ခြေမှာအဲဒီလိုခေါင်းစဉ်လေးတွေနဲ့ အကြောင်းပြပြီးပြည်သူလူထုကို စည်းရုံးတယ်ဆိုတာက အနာတ ခြားဆေးတခြားပေါ့။ တိုင်းရင်းသားတွေရဲ့ရပိုင်ခွင့်၊ အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးတွေပေါ့။ အဲဒါကိုပေး နိုင်ဖို့ကြိုးစားပေးရန် အဲဒီလိုမပေးပဲနဲ့ လူထုထောက်ခံမှုရအောင် ကြိုးစားတာက အချိန်လည်းတော်တော်ကို ကြာသွားပြီ။ နှောင့်နှေးသွားပြီပေါ့။ အစကတည်းက တိုက်ပွဲတွေမဖြစ်ခင်တည်းက တိုင်းရင်းသားဒေသတွေမှာ အဲဒီလိုဖွံ့ဖြိုးတိုးတက်မှုတွေ ပညာရေးကျန်းမာရေးကအစ ပြည်မနဲ့ကွာဟမှုမရှိပဲ ပေးနိုင်မယ်ဆိုရင်ပေါ့။ ပိုကောင်းမှာပေါ့။ အခုချိန်မှာလုပ်ရင်အချိန်က တော်တော်နှောင်းသွားပြီ။

 ၂။ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ တိုင်းရင်းသားပြည်နယ်တွေမှာ လိုက်လံစည်းရုံးမှုက ဘယ်လိုသက်ရောက်မှု တွေ ရှိလာနိုင်မလဲ။

နိုင်ငံရေးပြသာနာကို စစ်ရေးနည်းနဲ့ ဖြေရှင်းနေတဲ့ကာလမှာ ဒီဒေသမှာ တည်ငြိမ်အေးချမ်းရေး၊ ဖွံဖြိုးတိုးတက် ရေး အဲဒီလိုခေါင်းစဉ်အသေးလေးတွေပေါ့။ အဲဒါက မထိရောက်ဘူးပေါ့။ ခေါင်းမိုးက အကုန်လုံးလှန်နေတဲ့ အိမ်ထောင်ကို တန်းတွေကိုခွာဖို့ကြိုးစားနေသလိုပေါ့နော်။ အဓိကနိုင်ငံရေးအားဖြင့် ဖြေရှင်းရမယ့်ကိစ္စ ဖြစ် တယ်။ နိုင်ငံရေးအားဖြင့် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေရဲ့ရပိုင်ခွင့်တွေ ဆုံးရှုံးနေတာတွေ၊ မတူညီမှုတွေ၊ ပြည်မနဲ့ ပြည်နယ်ကွာဟမှုတွေအစရှိသဖြင့် တိုင်းရင်းသားတွေက ကိုယ်ပိုင်အချုပ်အခြာအာဏာ ကိုယ်ဒေသအုပ်ချုပ်ခွင့်၊ ဖက်ဒရယ်ကိုတောင်းနေတဲ့ကာလမှာ လုပ်ပေးနိုင်မှ ပြန်ပြီးတော့စစ်ပွဲတွေက တည်ငြိမ် အေးချမ်းမှု ရလာမှာ ဖြစ်ပါတယ်။ အဲဒါကိုမဖြေရှင်းနိုင်ပဲနဲ့ နိုင်ငံရေးကို စစ်ရေးနဲ့ဖြေရှင်းနေပြီး တဖက်လှည့်နဲ့ လူထုကိုတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ကျန်းမာရေးလုပ်ငန်းတွေနဲ့ ပညာရေးလုပ်ငန်းတွေနဲ့ သွားပြီးချွေးသိပ်နေ တာပေါ့လေ။ အဲဒီလိုအခြေအနေမျိုးဖြစ်တယ်။

၃။ နောက်ဆုံးအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြား လိုတာရှိမလဲ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အရင်ကလိုချင်တာထက် သူတို့ရပိုင်ခွင့်ကို သူတို့နားလည်လာပြီ။ အသက်သွေးခန္ဓာ၊ ဘဝကိုယ့်လူမျိုးအတွက်အကုန်လုံး ရင်းနှီးမြှုပ်နှံပြီးတော့ ဒါက တော်လှန်ရေးလုပ်လာ ကြတဲ့အခါမှာ တော်ရုံဖွံ့ဖြိုးရေးလုပ်ငန်းလောက်နဲ့တော့ မကာနိုင်တော့ဘူး။ ဆိုလိုတာက ဖက်ဒရယ်အခွင့်အ ရေးကို လိုတယ်။ ဒီမိုကရေစီအခွင့်အရေးကိုလိုတယ်။ စစ်အာဏာသိမ်းမှု မဖြစ်ဖို့အတွက် စစ်တပ်ကနိုင်ငံရေး လောကထဲက စွန့်ခွာဖို့ လိုတယ်။ အဲဒီလိုခေါင်းစဉ်အကြီးတွေကို ဖြေရှင်းပေးဖို့ လိုတယ်။ အဲဒါတွေ မဖြေရှင်းပေးနိုင်ပဲ တဖက်လှည့်နဲ့ ပြည်သူတွေကို ချွေးသိပ်တယ်။ စည်းရုံးနေတယ်ဆိုရင် ခရီးရောက်မှာ မဟုတ်ဘူး။ အဲဒီလိုပဲ ကျွန်တော်သုံးသပ်ချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.