ရေး၊ စက်တင်ဘာ(၂၀)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လျှပ်စစ်မီတာတစ်ယူနစ်ကို ကျပ် ၁၈၀၀ အထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကနေ အသိပေးလာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်ရဲ့ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခံထားရတဲ့ ရေးမြို့နယ်မှာ စစ်အာဏာသိမ်းမှုအလွန် ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရဲ့ လျှပ်စစ်မီတာခဈေးနှုန်းဟာ တစ်စထက်တစ်စ မြင့်တက်လာနေပါတယ်။

စစ်တပ်အာဏာမသိမ်းခင်တုန်းက မီတာခတစ်ယူနစ်ကို ၆၀၀ ကျပ် ဝန်းကျင်သာရှိခဲ့ပေမယ့် အာဏာသိမ်းနှစ်မှာ တစ်ယူနစ် ၈၀၀ ကျပ်အထိ ဈေးတက်သွားခဲ့ပြီး နှစ်နှစ်ခွဲကျော်အတွင်းမှာတော့ တစ်ယူနစ် ၁၈၀၀ ကျပ်အထိ မြင့်တက်လာတာပါ။

ရေးမြို့နယ်အတွင်းရှိ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီတွေဖြစ်တဲ့ Southern Myanmar Development နဲ့ မြတ်သူရကုမ္ပဏီတွေက အခုလအတွက်ကို တစ်ယူနစ် ၁၇၅၀ ကျပ်နဲ့ နောက်လမှာ ၁၈၀၀ ကျပ်အဖြစ် ကောက်ယူသွားမယ်လို့ စက်တင်ဘာ တတိယပတ်အတွင်း အသိပေးလာတာပါ။

ရေးမြို့ခံတစ်ဦးကတော့ မီတာခတိုးကောက်မယ့် အစီအစဉ်ကို တစ်လလောက် ကြိုတင်အသိပေးခြင်းမရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေမှာ ဆုံးရှုံးမှုအများကြီး ဖြစ်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“၉ လ ပိုင်းကစပြီး တစ်ယူနစ်ကို ၁၈၀၀ ကျပ် တိုးမြှင့်ကောက်ခံတာပေါ့။ ကျွန်တော်တို့ဖြစ်စေချင်တာ မီတာခတက်ရင်လည်း တစ်လကြိုတင်ပြောတာတို့ပေါ့။ အဲဒီလိုမဟုတ်ဘဲ လအလယ်လောက်ဖြတ်ပြီးတော့ ဒီလအတွက် ၁၈၀၀ ကောက်မယ်ဆိုတော့ ပြည်သူတွေက ကျပ်သွားတာပေါ့။ တချို့လျှပ်စစ်မီးနဲ့ အလုပ်လုပ်တဲ့သူတွေဆို မိတ္တူကူးစက်၊ လျှပ်စစ်သံပန်းကလူတွေ မီတာခနဲ့ပဲ လုပ်အားခကို ဖြတ်ပြီးယူတယ်။ အခုလိုမျိုး တိုးလိုက်တဲ့အချိန်ကျတော့ ဆုံးရှုံးမှုတွေ အများကြီးဖြစ်တယ်။ တကယ်လို့ မီတာခတက်ရင် အတက်ဈေးနဲ့ လုပ်မှာပေါ့။ ကျပ်တည်းနေတဲ့ကာလမှာ မီတာခတက်သွားတော့ ပြည်သူတွေကလည်း ပိုပြီးကျပ်သွားတာပေါ့”လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ လတွေမှာတော့ Southern Myanmar Development နဲ့ မြတ်သူရကုမ္ပဏီနှစ်ခုက လျှပ်စစ်မီတာတစ်ယူနစ်ကို ၁၅၅၀ ကျပ် ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

ရေးမြို့နယ်ဟာ အစိုးရလျှပ်စစ်မီး မရရှိတာကြောင့် ပြည်သူတွေဟာ ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းတွေက ရောင်းချပေးတဲ့ လျှပ်စစ်မီးတွေကို ဈေးနှုန်းပိုပေးပြီး သုံးစွဲနေရတာပါ။

တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာ့ငွေကြေးတန်ဖိုးကျဆင်းမှုအပေါ် အခြေခံစားသောက်ကုန်ဈေးနှုန်း တရိပ်ရိပ်မြင့်တက်လာတာကို ရင်ဆိုင်နေရချိန်မှာပဲ လျှပ်စစ်မီတာခ ဈေးနှုန်းမြင့်တက်မှုကိုပါ ထပ်မံရင်ဆိုင်နေရပါတယ်။

လမိုင်းမြို့ခံတစ်ဦးကလည်း အခုလိုလျှပ်စစ်မီတာခ ဈေးတက်လာတဲ့အတွက် အခြေခံလူတန်းစားတွေ အခက်အခဲမျိုးစုံ ကြုံရနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဈေးကတက်နေတော့ ကျွန်တော်တို့ အခြေခံလူတန်းစားကြတော့ နည်းနည်းတော့ ဒုက္ခရောက်တာပေါ့လေ။ မယူလည်းမဖြစ်တော့ လျှပ်စစ်မီးက အဲဒီလိုဖြစ်နေတာပေါ့။ ချွေတာပြီးသုံးတယ်၊ ရေခဲသေတ္တာတို့ ထမင်းပေါင်းအိုးနဲ့ မချက်ဘဲနဲ့ ထင်းနဲ့ချက်တာကျ ၈ လပိုင်းတုန်းက (မီတာခ) ဈေးကျတော့ မလျော့ဘူး။ သူတို့ယူနစ် ကောက်ပုံကလည်း ဘယ်လိုကောက်နေမှန်း ကျွန်တော်တို့ နားမလည်ဘူး။ လျှော့လည်းတချို့အိမ်ကျတော့ အဲဒီလောက်ပဲထိတာ၊ မလျှော့လည်း အဲဒီလောက်ပဲထိတာ။ သူတို့ ယူနစ်ကောက်နေတာ အဲဒီလိုမျိုး”လို့ သူက ဆိုပါတယ်။

ရေးမြို့နယ်အတွင်းရှိ တချို့သော ကျေးရွာတွေမှာတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ အချိန်ပိုင်း လျှပ်စစ်မီးဖြန့်ဝေပေးနေတာရှိပြီး အဲဒီကျေးရွာတွေမှာလည်း မီးစက်အသုံးပြုရတာကြောင့် လက်ရှိမှာမီတာခတစ်ယူနစ် ၂၂၀၀ ကျပ်အထိ ဈေးနှုန်းကြီးမြင့်လာတာနေတာပါ။

ပုဂ္ဂလိကလျှပ်စစ်မီးတွေကတော့ စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုအပေါ်မူတည်ကာ မီတာခကိုတိုးမြင့် ကောက်ခံနေတာဖြစ်ပြီး ၂၄ နာရီ ဝန်ဆောင်မှု ပေးထားတာဖြစ်ပါတယ်။

ဒါပေမယ့် မီတာခဈေးနှုန်းကြီးမြင့်မှုကြောင့် လျှပ်စစ်မီးကို နေရာအပြည့် မသုံးစွဲနိုင်တဲ့အတွက် ခိုးဆိုးလုယက်မှုတွေ ဒုစရိုက်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့ ရေးမြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

Southern Myanmar Development ကတော့ မီးစက်ကြီးတွေအတွက် စက်သုံးဆီဝယ်ယူဖို့ အခက်အခဲရှိလာတာကြောင့် ၂၄ နာရီ မီးပေးနေတဲ့အစား အချိန်ပိုင်းမီးပေးစနစ်ကို ပြောင်းလဲဖို့ လိုအပ်လာရင် ဆက်လက်အသိပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.