တိုကျို၊ စက်တင်ဘာ(၂၁) 

မြောက်ကိုးရီးယားရဲ့ လက်နက်အစီအစဉ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုနေတဲ့အချိန် မှာပဲ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ဂျပန် ဝန်ကြီးချုပ် ဖူနီယိုကီရှိဒါက စက်တင်ဘာ ၂၀ ရက်နေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။ 

ဝန်ကြီးချုပ်ကီရှီဒါဟာ မြောက်ကိုးရီးယားနဲ့ ထိပ်သီးအစည်းအဝေးပြုလုပ်ဖို့ ဆန္ဒရှိကြောင်း လူသိရှင်ကြားကြေညာပြီးနောက် ရက်ပိုင်းအကြာမှာပဲ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဲဒီကမ်းလှမ်းချက်ကို လူသိရှင်ကြား ထပ်လောင်းပြောကြား ခဲ့တာပါ။ 

ပြုံယမ်းအစိုးရဟာ သူတို့ရဲ့သူလျှိုတွေကို လေ့ကျင့်ပေးဖို့ အရင်ကဂျပန်အရပ်သားတွေကို ပြန်ပေးဆွဲခဲ့တဲ့ ဖြစ်ရပ်တွေအပါအဝင် မြောက်ကိုရီးယားနဲ့ ပြဿနာအားလုံးကို ဖြေရှင်းဖို့ ဆန္ဒရှိကြောင်း ကုလသမဂ္ဂညီလာခံမှာ မိန့်ခွန်းပြောဆိုစဉ် ကီရှီဒါက ထည့်သွင်းပြောကြားခဲ့ တာပါ။ 

“အနာဂတ်ခေတ်သစ်ကို အတူတကွဖွင့်လှစ်မယ့် ရှုထောင့်ကနေကြည့်မယ်ဆိုရင် ဘယ်လို အခြေအနေမျှမရှိဘဲ အချိန်အခါမရွေး သမ္မတကင်ဂျုံအွန်နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံလိုတဲ့ ကျွန်တော့်ရဲ့ သန္နိဋ္ဌာန်ကို ဖော်ပြချင်ပါတယ်”လို့ ကီရှီဒါက ဆိုခဲ့တာပါ။ 

ထိပ်သီးဆွေးနွေးပွဲကို စောလျင်စွာပြုလုပ်နိုင်ဖို့အတွက် သူ့ရဲ့တိုက်ရိုက်ကြီးကြပ်မှုအောက်မှာ အဆင့်မြင့် ဆွေးနွေးပွဲတွေ ကျင်းပလိုပါတယ်လို့ ကီရှီဒါက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ဂျူနီချီရို ကိုအီဆူမီဟာ ပြုံယမ်းသို့ အထင်ကရ အလည်အပတ် သွားရောက်ကာ ကင်ရဲ့ဖခင် ကင်ဂျုံအီနဲ့တွေ့ဆုံပြီး ဂျပန်နိုင်ငံရဲ့ စီးပွားရေးအကူအညီတွေ ပေးအပ်မယ့် ပုံမှန်ဆက်ဆံရေးလမ်းကြောင်း ချမှတ်ခဲ့ပါတယ်။

အဲဒီခရီးစဉ်ပြီးနောက် ဂျပန်နိုင်ငံသား (၅) ဦး ပြန်လည်လွတ်မြောက်လာကာ ကိုအီဆူမီရဲ့ နောက်ဆက်တွဲ ခရီးစဉ်ပါဖြစ်ပေါ်မယ့်ဆဲဆဲမှာပဲ သံတမန်ရေးရာ ပျက်ပြားသွားခဲ့တာပါ။

ပြန်ပေးဆွဲခံရသူတွေအပေါ် မြောက်ကိုရီးယားက လာရောက်ရှင်းလင်းပေးနိုင်မှာ မဟုတ်ဘူးဆိုပြီး ဂျပန်အစိုးရ ဘက်က စိုးရိမ်မှုအချို့ကြောင့် ခရီးစဉ် ပျက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ 

မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကတည်းက နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်မှု အဆင့်တွေကို ဖြစ်စေခဲ့ပါတယ်။ 

ဒါ့အပြင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် မကြာသေးမီလတွေအတွင်း နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုတွေလည်းဖြစ်ပေါ်ခဲ့တာပါ။

သမ္မတဂျိုးဘိုင်ဒင်လက်ထက်မှာလည်း အမေရိကန်ရဲ့ အလားတူတွေ့ဆုံမှုတွေပြုလုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် မြောက်ကိုရီးယားက စိတ်ဝင်စားမှု နည်းပါးခဲ့ပါတယ်။ 

သမ္မတဟောင်း ဒေါ်နယ်ထရန့်ကတော့ ကင်နဲ့ ပုံမှန်မဟုတ်တဲ့ ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ်မှုရှိခဲ့ပြီး သုံးကြိမ်တိုင် တွေ့ဆုံခဲ့ကာ ကင်ဂျုံအွန်ကိုလည်း ချီးကျူးစကားပြောဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.