မိုးဗြဲ၊ စက်တင်ဘာ(၂၀)

ကရင်နီပြည်နယ် မိုးဗြဲမြို့ပေါ်ကရပ်ကွက်အချို့နဲ့ မိုးဗြဲ-နန်းမယ်ခုံတို့ကို ဆက်သွယ်ထားတဲ့ ကတ္တရာလမ်းမကြီးကို အသုံးမပြုဖို့ ဒေသခံတွေကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာ (၂၁)ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ပေါ်က ပွဲကုန်း ၂၊ ပွဲကုန်း ၃၊ စည်ကား ၁၊စည်ကား ၃၊ ဒုန်းဒူထန်၊ စက်တော်ရာနဲ့ စည်ကားရပ်ကွက်တွေမှာ မြေမြှုပ်မိုင်းတွေထောင်ထားတာကြောင့် အခုလိုအသိပေးထုတ်ပြန်ရတာဖြစ်ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေတဲ့ မိုးဗြဲ-နန်းမယ်ခုံ ကတ္တရာလမ်းမကြီးကိုလည်း အသုံးမပြုကြဖို့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း ဖော်ပြထားတာပါ။

စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်း စခန်းချနေထိုင်တဲ့နေရာတစ်ဝိုက်နဲ့ စခန်းကထွက်ခွာချိန်မှာ မြေမြှုပ်မိုင်းတွေ ထောင်နေတာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း မိုးဗြဲမြို့ပေါ်မှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ရှိခဲ့ဖူးပါတယ်။

မြေမြှုပ်မိုင်းတားဆီးရေး နိုင်ငံတကာအဖွဲ့ ICBL ရဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကထုတ်ပြန်တဲ့ နှစ်ပတ် လည်အစီရင်ခံစာမှာလည်း ကမ္ဘာတဝှမ်းမှာ မြေမြုပ်မိုင်းအသုံးပြုနေတဲ့ နိုင်ငံတွေအဖြစ် မြန်မာနဲ့ ရုရှား ၂ နိုင်ငံသာရှိနေပြီး၊ အသုံးပြုမှုတွေတိုးမြှင့်လာနေတာကို ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- မိုးဗြဲ PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.