မုန်း၊ စက်တင်ဘာ(၂၀)

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) မုန်းမြို့နယ်ထဲမှာ အခုလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သောင်းကျော် ထပ်တိုးလာတယ်လို့ မုန်းမြို့နယ်ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်နေ့ကနေ စက်တင်ဘာ ၁၆ ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံတပ်တွေက ပြည်သူလူထုနေထိုင်ရာကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်မှု ၁၀၁ ကြိမ်၊ လက်နက်ကြီးပစ် ခတ်မှု ၄၅၁ ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး မြေပြင်ကနေလည်း စစ်ကြောင်းထိုးကာ ပြည်သူလူထုရဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဝင်ရောက်လုယူတာ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ကျေးရွာတွေထဲမှာ မိုင်းထောင်တာတွေ ရက်စက်ယုတ်မာစွာ လုပ်ဆောင်နေတယ်လို့လည်း မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကြောင့် အခုလအတွင်း အမျိုးသား ၂ ဦး၊ အမျိုး သမီး ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ ၃ ဦးမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတာပါ။

စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၁၅ ရွာက ပြည်သူလူထုဦးရေ ၁၁၃၈၇ ဦးမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ဆက်လက်တိမ်း ရှောင်နေရတဲ့ ကျေးရွာနေလူဦးရေတွေလည်း နေ့စဉ်နဲ့အမျှ တိုးပွားလာနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပြီး ဒီလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့၊ စစ်ရှောင်ပြည်သူလူထုတွေရဲ့ လုံခြုံမှုနဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစတာတွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက တောင်းဆိုထားပါတယ်။

မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီအနေနဲ့ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တတ်စွမ်းသမျှ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သဘောထားထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.