ပုလော၊ စက်တင်ဘာ(၂၀)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မြဒေါင်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စခန်းတစ်ခု စီးနင်းတိုက်ခိုက်ခံရတာကြောင့် ရဲဘော် ၈ ဦး ကျဆုံးခဲ့တယ်လို့ တိုင်း(ပကဖ)တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပုလောဒေသအတွင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ မြေဒေါင်ကျေးရွာအနီးရှိ PDF စခန်းတစ်ခုကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

စခန်းစီးနင်းတိုက်ခိုက်ခံရတာကြောင့် PDF ရဲဘော် ၈ ဦး ကျဆုံးသွားပြီး သေနတ် ၇ လက်အပါအဝင် လက်နက်ခဲယမ်း တချို့သိမ်းဆည်းခံလိုက်ရပါတယ်။

စခန်းစီးနင်းခံရတဲ့ ဖြစ်စဉ်အတွင်း PDF ရဲဘော်တချို့ ပျောက်ဆုံးတာတွေရှိပေမယ့် အခြေအနေအ သေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အဆိုအရ အဲဒီစခန်းကို ဒလန်သတင်းပေးမှုကြောင့် စီးနင်းတိုက် ခိုက်ခံရတာလို့ သုံးသပ်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

စခန်းစီးနင်းတိုက်ခိုက်သွားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသပြည်သူတွေ ရွာလုံးကျွတ်ထွက်ပြေးတိမ်း ရှောင်သွားတဲ့ မြဒေါင်ရွာကိုလည်း ဝင်ရောက်မွှေနှောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ပုလောမြို့နယ် ပြင်ဖြူကျေးရွာထဲ စစ်ကြောင်း ထိုးလာစဉ် ဒေသခံအရပ်သား ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားပြီး နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတာကြောင့် မြဒေါင်၊ ပြင်ဖြူ၊ လက္ကူးနဲ့ ပိတပ်ကျေးရွာက ဒေသခံ ၄၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.