မြစ်ကြီးနား၊ စက်တင်ဘာ(၂၀)

ပြည်သူ့ခုခံစစ်ကို မြေပြင်အပြင်ဝေဟင်ကနေ အပြင်းအထန် တုံ့ပြန်တိုက်ခိုက်နေရတဲ့ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်းမှာ ရေကြောင်းစစ်ဆင်ရေးတွေကိုပါ လုပ်ဆောင်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းမှုကြောင့် ပြည်သူ့ခုခံစစ်အတွက် ရာနဲ့ချီပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေကြောင့် ဒီကနေ့အထိ စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံနီးပါး စစ်မျက်နှာဖွင့်ထားရတာပါ။

တစ်နိုင်ငံလုံးနီးပါး စစ်မျက်နှာဖွင့်ထားတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံတွန်းလှန်မှုကြောင့် အာဏာသိမ်းကာလအတွင်း ကြည်းတပ်၊ လေတပ်အပြင် အခုအခါမှာတော့ ရေတပ်ကိုပါ အသုံးပြုနေရပါတယ်။

စစ်ကောင်စီရေတပ်ဟာ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့တနင်္သာရီတိုင်းတို့အပြင် မြစ်ကြောင်းတွေနဲ့ ထိစပ်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာလည်း ရေကြောင်းကို အသုံးပြုပြီး တိုက်ခိုက်တာ၊ လက်နက်နဲ့ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လာပါတယ်။

ချင်းတွင်းမြစ်ကြောင်းတပ်ပေါင်းစုက တာဝန်ရှိသူတစ်ဦးက စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဟာ ကုန်းကြောင်းကနေ တပ်အင်အားမဖြည့်တင်းနိုင်တဲ့အတွက် ရေကြောင်းကိုအဓိ က သုံးလာတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကုန်းကြောင်းတွေက သွားလို့မရဘူး။ ကုန်းကြောင်းတွေကနေသွားလိုက်တိုင်း၊ သွားလိုက်တိုင်း သူတို့မိုင်းဆွဲခံနေရတာရှိတဲ့အတွက် သူတို့ရေကြောင်းပြောင်းသုံးတာတွေ့ရတယ်။ ရေကြောင်းပြောင်းသုံးပြန်တော့လည်း သူတို့အဆင်တော့မပြေပါဘူး။ မြစ်ရဲ့ဘယ်ညာဝဲယာဝဲယာတိုင်းက အဖွဲ့တွေကလည်း တက်လာတိုင်း တိုက်ကြတယ်။ ဒါပေမယ့်တစ်ခုတော့ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ကလက်လုပ်တွေပဲ များများသုံးနိုင်သေးတာဖြစ်တဲ့အတွက် ရေများတဲ့ကာလမှာဆိုရင်တော့ မြစ်ကြောင်းကျယ်တော့ ကျွန် တော်တို့ ထိရောက်မှုတော့နည်းတယ်” လို့ဆိုပါတယ်။

အဲဒီထဲမှာ ပြည်သူခုခံစစ်အားကောင်းတဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ရေကြောင်းအသုံးပြု တိုက်ခိုက်မှု အများဆုံးတွေ့လာရတယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ တပ်အင်အားတွေ သယ်ဆောင်လာတဲ့ သင်္ဘောတွေဟာ ဧရာဝတီမြစ်ကြောင်းမှာ မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီရဲ့ သင်္ဘောတွေကနေ ပြန်လည်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီကျည်တွေကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးတာနဲ့ လူသေဆုံးတာတွေလည်း ရှိနေတယ်လို့ ကချင်ပြည်နယ်သတင်းရင်းမြစ်တစ်ဦးက ပြောဆိုပါတယ်။

“သင်္ဘောတွေတက်လာနေရင်းနဲ့ သူတို့သင်္ဘောတွေက ခဏခဏအတိုက်ခံရတဲ့အခါကျတော့ လမ်းဘေးဝဲယာက မြစ်ကမ်းတွေကို ရမ်းသမ်းပစ်သွားတာမျိုးတွေတော့ရှိတယ်ဗျ။ တာပိန်လောက်ကိုသွားရင်တောင် သူတို့ကကျိန်းသေတယ်။ လုံးဝအပစ်ခံနေရတာဖြစ်တဲ့အတွက် စစ်ကောင်စီကအဲဒီလမ်း ကြောင်းကိုတော့မရွေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗန်းမော်ရဲ့လမ်းပိုင်းမှာဆိုရင် KIA အပြင် ကျောင်း သားတပ်မတော်လည်း စစ်ကောင်စီကို တိုက်ခိုက်နေတော့ ဗန်းမော်နဲ့ မန္တလေးကြားမှာတော့ ဧရာဝတီမြစ်ကို ထောက်ပို့လမ်းကြောင်းအတွက် သုံးနေတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကလည်း စစ်ကောင်စီ စစ်သင်္ဘောတွေရဲ့ လမ်းကြောင်းကို လုံခြုံရေးယူပေးနေတဲ့ ဧရာဝတီမြစ်ကမ်းဘေးက ကျောက်ကြီးရွာစစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်က သိမ်းယူခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ လောင်စာနဲ့လေယာဉ်ဆီတွေကိုလည်း ရေကြောင်းကနေအသုံးပြုပြီး သယ်ဆောင်နေသလို ဝေဟင်ကနေ ကင်းထောက်တာ လမ်းကြောင်းရှင်းတာတွေကိုပါ လုပ်ဆောင်လေ့ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။

တနင်္သာရီတိုင်း(ပကဖ)တာဝန်ခံ ကိုစတားကလည်း စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်းအတွင်း ရေကြောင်းကို ရိက္ခာ၊ အင်အားလက်နက်တွေပေးပို့ဖို့အပြင် တိုက်ခိုက်ရေးအတွက်ပါ အသုံးပြုလာတယ်လို့ ပြောဆိုပါတယ်။

“အဓိကကတော့ ၂ပိုင်းလုံးသုံးနေတာ။ စစ်ကူပေးတဲ့အပိုင်းတွေ တိုက်ခိုက်ရေးအတွက်အဓိက သုံးနေတယ်ပေါ့နော်။ နောက်ပိုင်းကျတော့ သူတို့ရဲ့ Logistics အပိုင်းတွေပါ ရေကြောင်းကိုအသုံးပြုလာတာတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာသူတို့မကြာမကြာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်။ သူတို့တိုက်ခိုက်ခံရတဲ့အတွက် နောက်ပိုင်းမှာ အသုံးပြုတာနည်းသွားတယ်ပေါ့နော်။ အဲဒီတော့ တိုက်ခိုက်ရေးရော၊ Logistics အပိုင်းရော ရေကြောင်းကိုသုံးလာတာများတယ်ဗျ” လို့ပြောပါတယ်။

တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်ဟာ ဘုတ်ပြင်း- ကော့သောင်းကနေ မြိတ်ဘက်၊ မြိတ်ကနေ ပုလော၊ ထားဝယ်နဲ့လောင်းလုံးမြို့နယ်တို့မှာ ရေကြောင်းကို အဓိကအသုံးပြုလာတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ကုန်းလမ်းမှာ စစ်ရေးအရေးနိမ့်နေလာတာ၊ ဝေဟင်ကနေ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်လာတာကြောင့် ရေကြောင်းအသုံးပြုပြီး တပ်အင်အား၊ ရိက္ခာအင်အားဖြည့်တင်းလာရတာဖြစ်တယ်လို့ စစ်ရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

လက်ရှိမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ ခုခံတွန်းလှန်မှုကြောင့် အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှု ပုံစံပြောင်းလဲလာပြီး စစ်ကောင်စီတပ်ဟာ ထိုးစစ်ကနေခံစစ်အသွင် ကူးပြောင်းလာနေတယ်လို့ သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ အဆိုအရ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတဝန်းမှာ တိုက်ပွဲပေါင်း တစ်သောင်းကျော်အထိ ဖြစ်ပွားထားပြီး တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဟာ အရပ်သားပစ်မှတ် မခွဲခြားဘဲ တိုက်ခိုက်တာတွေ ရှိလာတယ်လို့ သြဂုတ်လအတွင်း ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ANPTT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.