နယူးဒေလီ၊ စက်တင်ဘာ(၂၀)

 ဆစ်ခ်လူမျိုးခေါင်းဆောင်တစ်ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယရဲ့အမြင့်ဆုံး သံအမတ်ကို ကနေဒါအစိုးရက နှင်ထုတ်ခဲ့တာကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေး တင်းမာ နေကြောင်း သိရပါတယ်။

 နှင်ထုတ်ခံရတဲ့အိန္ဒိယအရာရှိဟာ ထင်ရှားကျော်ကြားတဲ့ ဆစ်ခ်ခေါင်းဆောင် ဟာဒိ့ဆင်နီဂျာကို သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက သံသယရှိနေတာ ဖြစ်ပါတယ်။

 ဒီလိုစိုးရိမ်ပူပန်နေရတဲ့အခြေအနေကို အိန္ဒိယဝန်ကြီးချုပ်မိုဒီထံ လူကိုယ်တိုင် တိုက်ရိုက်နည်းနဲ့ ပြောကြားခဲ့ပြီး ဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ်က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ 

ကနေဒါရဲ့မြေပေါ်မှာ ကနေဒါနိုင်ငံသားတစ်ယောက်ကို သတ်ဖြတ်တာဟာ အချုပ်အခြာအာဏာ ကို ထိပါးမှုဖြစ်တာကြောင့် လက်ခံလို့ မဖြစ်နိုင်ဘူးလို့လည်း ကနေဒါဝန်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ ကနေဒါဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်တွေကို ပယ်ချထားပြီး အဓိပွါယ်မဲ့တဲ့ စကားတွေကို စိတ်လိုလက်ရ ပြောနေတာလို့ တုံ့ပြန်ထားပါတယ်။

 ဒါ့အပြင် ကနေဒါအနေနဲ့ မိမိတို့အချုပ်အခြာအာဏာပိုင်မြေပေါ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်မှန် သမျှ ဥပဒေအရ အရေးတယူ လုပ်ဆောင်ဖို့နဲ့ အိန္ဒိယပုံရိပ်ကျဆင်းစေမယ့် လုပ်ရပ်တွေကို ရှောင်ရှားဖို့ တိုက်တွန်းခဲ့ပါတယ်။ 

“ကျွန်တော်တို့အနေနဲ့ ကနေဒါဝန်ကြီးချုပ်နဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးတို့က သူတို့ ပါလီမန် အတွင်း ပြောခဲ့တဲ့ ထုတ်ပြန်ချက်တွေကို မြင်တွေ့ခဲ့ပြီးဖြစ်သလို အဲဒီပြောကြားချက်တွေကို ပယ်ချလိုပါတယ်” လို့ အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး ပြောကြားခဲ့တာပါ။ 

ကနေဒါထောက်လှမ်းရေးအေဂျင်စီတွေဟာ ဆစ်ခ်လူမျိုးခေါင်းဆောင် သေဆုံးခြင်းနဲ့ပတ်သက် ပြီး စုံစမ်းစစ် ဆေးမှုတွေလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

 ဆစ်ခ်လူမျိုးတို့ရဲ့ ကိုယ်ပိုင်မြေနဲ့ လွတ်လပ်ရေးကို တောင်းဆိုရာမှာ လူသိများတဲ့ ခေါင်းဆောင် ဟာဒိ့ဆင်နီဂျာကို ဗြိတိန် ကိုလမ်ဘီယာ၊ ဆာရေမြို့အတွင်းမှာရှိတဲ့ ဆစ်ခ်ယဉ်ကျေးမှုစင်တာ အပြင်ဘက်မှာ ဇွန် ၁၈ ရက်နေ့က ပစ်သတ်ခံခဲ့ရခြင်းဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ်က ပါလီမန်အတွင်း မှာ ပြောကြားခဲ့ပါတယ်။

 “ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီဆန်စွာ ယဉ်ကျေးတတ်သလို တရားဥပဒေစိုးမိုးရေးကို အထူးကတိကဝတ် ရှိထားပါတယ်။ ခါလီစတာနီ အစွန်းရောက် အကြမ်းဖက်တွေကို ကနေဒါမှာ ခိုလှုံခွင့်ပေးထားသလို အဲဒီကနေပဲ အိန္ဒိယရဲ့ အချုပ်အခြာအာဏာနဲ့ နယ်နိမိတ်တည်ရှိပုံကို ခြိမ်းခြောက်နေတာပါ” လို့ အိန္ဒိယနိုင်ငံအစိုးရက တုံ့ပြန်ပြောကြားခဲ့ပါတယ်။

 Ref-Hindustan Times, Indian Express.com

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.