မော်လမြိုင်၊ စက်တင်ဘာ(၁၉)

မွန်ပြည်နယ်အတွင်းရှိ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီကနေ ခပ်စိပ်စိပ်ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ငွေလွှဲလုပ်ကိုင်သူတွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ငွေလွှဲလုပ်ကိုင်သူတွေကို တရားမဝင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်တယ်ဆိုပြီး ရပ်ကွက်တွေအတွင်း ရှာဖွေတာ၊ စုံစမ်းမေးမြန်းတာအပြင် အွန်လိုင်းကနေတဆင့် စောင့်ကြည့်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အတွင်း မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ ပေါင်နဲ့သထုံမြို့နယ်က ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

ငွေလွှဲလုပ်ကိုင်သူတစ်ဦးကတော့ စစ်ကောင်စီရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် လုပ်ငန်းတွေ ရပ်နားထားရပြီး ဖမ်းဆီးခံရပါက အကောင့်ပိတ်သိမ်းခံရနိုင်တဲ့အတွက် တိမ်းရှောင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့လည်း အခုစိုးရိမ်ပြီးတော့မှ လုပ်နေရတယ်ဗျာ။ ဘယ်တော့ ကိုယ့်အကောင့်ပိတ်သွားမလဲဆိုပြီး ငွေလည်းသိပ်မထားရဲဘူးဗျာ။ အဲဒီဖိအားတော့ ရှိတာပေါ့။ ဘယ်လိုတွေဖြစ်လာနိုင်လဲဆိုရင် ကိုယ့်ရဲ့နံပါတ်တွေ Kpayပေါ့ဗျာ။ ကာစတန်မာတစ်ယောက်လိုမျိုး တောင်းပြီးတော့ ဒီအကောင့်တွေကို တကယ်လို့ တရားဝင်လည်ပတ်နေတာဆိုရင် ပိတ်မှာပေါ့။ အဓိကတော့ ဘဏ်အကောင့်တွေ ပိတ်ခံရမယ်။ ကိုယ့်မှာရှိတဲ့ဟာတောင်မှဘဲ စိတ်မချရဘူးပေါ့ဗျာ။ ကျွန်တော်တို့ဆိုရင် ဘယ်တော့မှ ကျပ်ငွေမထားဘူး။ အနည်းဆုံးဘဲထားတယ်၊ ဥပမာဆယ်ဂဏန်း လောက်ပဲလေ။ ဘတ်ငွေဘဲ ပြောင်းထားတာပေါ့နော်။ တချို့တွေဆိုရင်လည်း နေရာတွေရွေ့သွားကြပြီ။ မြဝတီကလူတွေတချို့ဆို ဘန် ကောက်ကို ပြောင်းသွားတဲ့သူတွေရှိတယ်။ ဒီဘက်ပြောင်းလာတဲ့ သူတွေရှိတယ်။ ဖမ်းမှာဆီးမှာ ကြောက်တာပေါ့နော်”လို့ ဆိုပါတယ်။

စစ်ကောင်စီက ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးနေတဲ့အတွက် တဖက်နိုင်ငံကို တရားမဝင် သွားရောက်ပြီး အလုပ်လုပ်ကိုင်သူတွေအနေနဲ့ မိသားစုတွေထံ ငွေပေးပို့ရာမှာ အခက်အခဲရှိလာတယ်လို့ သူကဆက်ပြောပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ ငွေလွှဲလုပ်ကိုင်သူတွေကို လိုက်လံဖမ်းဆီးမှုဟာ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို သူတို့သတ်မှတ်ထားတဲ့ ငွေလဲနှုန်းအတိုင်း ထိန်းချုပ်ဖို့အတွက် လုပ်ဆောင်တာလို့ သုံးသပ်ပါတယ်။

“(၂၅) ရာခိုင်နှုန်းသတ်မှတ်တာ လုံးဝမဖြစ်မနေမဖြစ်သာလို့ ဒီကအေးဂျင့်နဲ့ ဘာနဲ့ထွက်တဲ့သူတွေ၊ ဟိုဘက်မှာလည်း တရားဝင်လုပ်နေတဲ့သူတွေအတွက်တော့ မလွှဲချင်လွှဲချင်နဲ့ လွှဲနေရမယ်။ ဒါပေမယ့် အေးဂျင့်နဲ့ မထွက်ဘူး။ ကိုယ့်အစီအစဉ်နဲ့ ထွက်တာတို့၊ အောက်လမ်းကထွက်တာတို့ကတော့ ဘယ်လွှဲမလဲ။ ပြောရရင်တော့ (၂၀၁၃) နောက်ပိုင်းမှာ ဘဏ်စနစ်ကတော်တော်ကို အခြေအနေကောင်းလာတယ်ဆိုတော့ နိုင်ငံခြားမှာရှိတဲ့ အလုပ်သမားတွေကလည်း အဲဒီဘဏ်စနစ်နဲ့ပဲ တဖြည်းဖြည်းနဲ့ ပိုပိုပြီးတော့ လွှဲလာခဲ့တယ်။ ဟွန်ဒီသမားတွေတော့ ရှိတယ်။ ကိုယ့်မိဘ၊ ကိုယ့်မိသားစုရှိတဲ့နေရာကို ဟွန်ဒီလွှဲအပ်တဲ့ငွေကို အိမ်တိုင်ရာရောက်လာပို့တယ်။ ဒါပေမယ့်မကောင်းတဲ့အချက်က ဟွန်ဒီကအချိန်မရွေး လိမ်သွားနိုင်တယ်။ ဘဏ်ကျတော့ အဲဒီလိုမျိုးမရှိဘူး၊ ဘဏ်ကဘယ်လိုမှ မလိမ်ဘူး။ ဒါပေမယ့်ပြဿနာက ဘဏ်မှာသွားထုတ်ရတာရှိတယ်။ အခုဘာလဲဆိုတော့ သူတို့နိုင်ငံခြားငွေလဲနှုန်းကို ထိန်းချုပ်လိုက်တာ။ ဈေးကွက်ငွေလဲနှုန်းမဟုတ်ဘဲနဲ့ အစိုးရလိုချင်တဲ့ ငွေလဲနှုန်းနဲ့သတ်မှတ်လိုက်တော့ ဘယ်သူမှဘဏ်ကနေမလွှဲချင်တော့ဘူး၊ အကုန်လုံး အောက်လမ်းကနေ ပြန်လွှဲကုန်ပြီ”လို့ ဆိုပါတယ်။

စစ်ကောင်စီက ငွေလွှဲလုပ်ကိုင်သူတွေကို လိုက်လံဖမ်းဆီးရုံနဲ့ တရားမဝင် ငွေလွှဲလုပ်ငန်းတွေ ပျောက်ကွယ်သွားမှာမဟုတ်ဘဲ ငွေလဲနှုန်းတွေကို မထိန်းချုပ်ဘဲ ကာလပေါက်ဈေးအတိုင်း ဘဏ်တွေက လဲလှယ်ပေးမှသာ ဘဏ်တွေကတဆင့် တရားဝင်ငွေလဲလှယ်မှုတွေ ပြန်များလာမယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ဖမ်းဆီးထားတဲ့ ငွေလွှဲလုပ်ကိုင်သူတွေကို ငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာ ဥပဒေပုဒ်မ (၁၇၁)နဲ့ အမှုဖွင့် အရေးယူတာတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီ ဩဇာခံ အလုပ်သမားဝန်ကြီးဌာနကတော့ ပြည်ပထွက် အလုပ်လုပ်သူတွေအနေနဲ့ သူတိုရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို တစ်လတစ်ကြိမ် ဒါမှမဟုတ် ၃ လတစ်ကြိမ် မဖြစ်မနေ လွှဲပြောင်းပေးပို့ရမယ်လို့ အခုလဆန်းပိုင်းမှာ ညွှန်ကြားထားတာပါ။

လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကနေ ပြန်မလွှဲရင် နောက်တစ်ကြိမ် ပြည်ပထွက် အလုပ်လုပ်ခွင့် ၃ နှစ် ပိတ်ပင်သွားမှာဖြစ်သလို ပဋိညာဉ်ဥပဒေအရပါ အရေးယူခံရမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။

မွန်ပြည်နယ်မှာ ငွေလွှဲလုပ်ငန်းအများစုဟာ ထိုင်းနိုင်ငံငွေကြေးဖြစ်တဲ့ ဘတ်ငွေတွေကို အဓိက လဲလှယ်ပေးနေတာဖြစ်ပြီး မလေးရှားငွေကြေးရင်းဂစ်နဲ့ အမေရိကန်ဒေါ်လာတွေကို လဲလှယ်တဲ့ ငွေကြေးဝန်ဆောင်မှုတွေရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.