မုန်း၊ စက်တင်ဘာ(၁၉)
ကရင်အမျိုသားအစည်းအရုံး KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ဒေသခံဦးရေ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က KNU မုန်းမြို့နယ်၊ ငထွေစုတ်ကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာထဲကို ဝင်ရောက်လာတဲ့အချိန် ကျေးရွာထဲမှာ ရွာသား ၈ ဦး ကျန်ရှိနေခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်း ငထွေဆုတ်ကျေးရွာထဲကို ဝင်ရောက်လာတဲ့သတင်းကို ရွာသား ၈ ဦးက ကြားသိခဲ့ပြီး ထွက်ပြေးကြပေမယ့် အမျိုးသမီး ၃ ဦးဟာ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရသလို ကျေးရွာထဲက နေအိမ် ၁၂ လုံးလည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းဟာ ငထွေစုတ်ကျေးရွာနဲ့ မျက်ရဲကျေးရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်ပြီး တပ်စွဲထားတဲ့အတွက် စက်တင်ဘာ ၁၅ ရက်နေ့က ရေလဲကရင်ရွာနဲ့ ရေလဲဗမာရွာက အိမ်ခြေစုစုပေါင်း ၁၉၂ လုံးရှိ လူဦးရေစုစုပေါင်း ၁၅၃၄ ဦးတို့ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း မိုးတွင်းကာလဖြစ်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနဲ့အမိုးအကာတွေ မလုံလောက်တဲ့ ပြဿနာတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ဒါမှမဟုတ် KNU သတင်းနဲ့ ပြန်ကြားရေးဗဟိုထံကို ဆက်သွယ်ကူညီနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် လူဦးရေနှစ်သိန်းကျော်ဟာ စစ်ဘေးရှောင်နေရသလို အရေးပေါ်အကူအညီလည်း ဆက်လက်လိုအပ်လျက်ရှိနေတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU