ပုလော၊ စက်တင်ဘာ(၁၉)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြင်ဖြူကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် ဒေသခံ ၄ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေနဲ့ မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပုလောမြို့နယ်အတွင်း ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်း ပြင်ဖြူကျေးရွာထဲ ဝင်ရောက်လာတာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာထဲကနေ ထွက်ပြေးတိမ်းရှောင်ဖို့ ထွက်လာတဲ့ ဒေသခံ ၄ ဦးကို ရွာထိပ်မှာပဲ သေနတ်နဲ့ပစ်သတ်သွားခဲ့တာပါ။

စစ်ကောင်စီစစ်ကြောင်းရဲ့ သတ်ဖြတ်မှုကြောင့် ဒေသခံတွေဖြစ်တဲ့ အသက် ၃၇ အရွယ် ဒေါ်သန္တာနွယ်၊ အသက် ၄၀ အရွယ် ဒေါ်ရီဝင်း၊ အသက် ၄၀ အရွယ် ဦးငွေစိုး၊ အသက် ၆၉ အရွယ် ဦးဘကျင်တို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒေသခံပြည်သူတွေကို သတ်ဖြတ်သွားပြီးနောက် နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြဒေါင်းရွာဘက်ကို ထွက်ခွာသွားပြီး ဒီနေ့ စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ မြဒေါင်းရွာမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲတွေထပ်မံဖြစ်ပွားနေတာပါ။

စစ်ကောင်စီစစ်ကြောင်း ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ပုလောမြို့နယ်ရှိ ပိတပ်၊ မြဒေါင်း၊ လက္ကူး၊ ပြင်ဖြူအပါအဝင် ပဲ့ထောက်ကျေးရွာက ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လက္ကူးကျေးရွာရှိ ဒေသခံ နေအိမ် ၁၇ လုံးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.