မောင်တော၊ စက်တင်ဘာ(၁၉)

စစ်ကောင်စီရဲ့ အရပ်ဘက်ကောင်စီဝင်တွေဟာ စက်တင်ဘာဒုတိယပတ်ကစပြီး ဒီကနေ့အထိ နေ့စဉ်ရက်ဆက်ဆိုသလို တိုင်းရင်းသားပြည်နယ်မှာရှိတဲ့ ဒေသခံပြည်သူလူထုကြား စည်းရုံးရေးခရီးစဉ်တွေ ဆက်တိုက်သွားလာနေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ စစ်တပ်ဝါဒဖြန့် သတင်းစာတွေရဲ့ ဖော်ပြချက်အရ ကောင်စီအဖွဲ့ဝင်တွေဟာ ပြည်နယ် ၇ ခုရှိ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြို့မိမြို့ဖတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူမှုအသင်းအဖွဲ့တွေ၊ ဒေသခံပြည်သူတွေနဲ့ ဆက်တိုက်တွေ့ဆုံနေပါတယ်။

ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ခွန်စံလွင်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနဲ့ ဦးရန်ကျော်တို့ဟာ မိမိတို့သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်အလိုက် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေကို အကြောင်းပြပြီး လူထုထဲတိုးဝင်လာနေတာပါ။

ရခိုင်ပြည်နယ်က လူမှုကူညီအရေးအသင်းတစ်သင်းရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ကောင်စီအဖွဲ့ဝင်တွေဟာ သူတို့စီမံကိန်းတွေ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ သွားရောက် တွေ့ဆုံတာရှိပေမယ့် မြေပြင်မှာခံစားနေရသူတွေ လိုအပ်နေတဲ့သူတွေနဲ့ တွေ့ဆုံတာမရှိနေဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်သိသလောက် သူတို့ (ရခိုင်က ကောင်စီအဖွဲ့ဝင်) သွားတယ်ဆိုရင် သူတို့အစိုးရဆိုင်ရာ ဝန်ထမ်းတွေနဲ့ သွားတွေ့တာပဲဖြစ်မှာပါ။ ဒေသခံတွေနဲ့ တွေ့တာတော့ သိပ်ပြီးမရှိသလောက်ပါပဲ။ အထူးသဖြင့် မောင်တောဘက်မှာ သူတို့စီမံကိန်းရှိတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ထွက်ပြေးသွားကြသူတွေကို လက်ခံဖို့သွားစီစဉ်တာလား။ အဲဒီလိုပုံစံမျိုး ရှိကောင်းရှိမှာပေါ့။ ပြည်သူတွေနဲ့တွေ့တယ်ဆိုတာ အဖြစ်သဘောလောက်ပဲရှိမှာပါ။ တကယ့်မြေပြင်မှာ ခံစားနေရတဲ့သူတွေ လိုအပ်နေတဲ့သူတွေနဲ့ တွေ့တာမဟုတ်ဘူးပေါ့။ သူတို့ကလုပ်တော့ လုပ်တယ်။ ဒါပေမယ့် တကယ့်ကိုလိုအပ်ချက်ရှိနေတဲ့ သူတွေဆီမရောက်ဘူးဆိုတဲ့ သဘောပေါ့”လို့ သူက ဆိုပါ တယ်။

နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ အရေးပေါ်ကာလသက်တမ်းထပ်တိုးချိန်တိုင်း စစ်ကောင်စီအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းတာနဲ့ လူစားလဲတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းမှာ စစ်ကောင်စီအဖွဲ့ကို စစ်ဘက်၊ အရပ်ဘက် ပုဂ္ဂိုလ် ၁၈ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အရပ်ဘက်ကောင်စီအဖွဲ့ဝင်တချို့ကိုတော့ လျှော့ချဖြုတ်ထုတ်ပြီး အစားထိုးခန့်အပ်ခဲ့ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ခရီးစဉ်တွေအပေါ် ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ရေးနည်းနဲ့ ဖြေရှင်းနေတဲ့ကာလမှာ ဒေသတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးဆိုတဲ့ခေါင်းစဉ်နဲ့ ကောင်စီဝင်တွေက ပြည် သူလူထုကို စည်းရုံးတဲ့သဘောလို့ သုံးသပ်ပါတယ်။

“သူတို့ဒီလိုခြေလှမ်းလှမ်းတာကတော့ အဓိကပြည်သူလူထုကို စည်းရုံးတဲ့သဘောပေါ့။ နိုင်ငံရေးပြ ဿနာကို စစ်ရေးနည်းနဲ့ဖြေရှင်းနေတဲ့ကာလမှာ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အဲဒီလိုခေါင်းစဉ်အသေးလေးတွေနဲ့ အဲဒါသိပ်ပြီးမထိရောက်ဘူးပေါ့။ ဆိုလိုတာက ခေါင်မိုးက အကုန် လုံးလန်နေတဲ့ အိမ်ဆောင်ကိုကြမ်းပြင်ကိုဖာဖို့ ကြိုးစားနေသလိုပေါ့။ အဓိကကတော့ နိုင်ငံရေးအား ဖြင့် ဖြေရှင်းရမယ့်ကိစ္စတွေဖြစ်တယ်”လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်လာသည့်တိုင် စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ဆန့် ကျင်တော်လှန်နေမှုဟာ ရပ်တန့်မသွားဘဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ မြန်နှုန်းမြင့်လာနေတာပါ။

ဒီအခြေအနေမှာ အရပ်ဘက်ကောင်စီဝင်တွေဟာ လူထုကြားထဲတွေ့ဆုံပွဲ ခေါင်းစဉ်နဲ့ တိုင်းရင်းသားဒေသရှိ ဌာနအသီးသီးဆီ ကွင်းဆင်းတာ၊ ကြည့်ရှုတာ၊ စစ်ဆေးတာနဲ့ အားပေးတာစတဲ့ လုပ်ရိုးလုပ်စဉ်တွေနဲ့ တန်ပြန်လာပါတယ်။ချင်းပြည်နယ်ဒေသခံတစ်ဦးကတော့ နိုင်ငံရေးအရှုပ်အထွေးကြားမှာ ဌာနအသီးသီးကို အကြောင်းပြပြီး ပိုကောင်းလာမယ့် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်စေ အမှန်တရားရမှာမဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တတိုင်းပြည်လုံးနီးပါး မငြိမ်မသက်ဖြစ်နေချိန်မှာ ကျန်းမာရေး၊ ပညာရေး အဲဒါတွေကိုအကြောင်းပြပြီး စည်းရုံးရေးဆင်းဖို့ မဟုတ်ဘဲနဲ့ တကယ်တော့ နိုင်ငံတစ်ခုဆိုတာ ပြည်သူတွေရှိမှ ဖြစ်တာလေ။ ဆန္ဒမရှိဘဲနဲ့ အတင်းအဓမ္မလုပ်လို့မရဘူး။ အဲဒီလိုလုပ်လို့လည်း နိုင်ငံရေးအရှုပ်အထွေးက ဖြစ်ပွားတာဆိုတော့ ဌာနအသီးသီးကို အကြောင်းပြပြီး ပိုကောင်းလာမယ့် ရည်ရွယ်ချက်နဲ့လုပ်တာပဲဖြစ်ဖြစ်၊ ဒီအချိန်မှာ မလုပ်သင့်ဘူးထင်တယ်။ ပြီးတော့ ဘာမှလည်း အမှန်တရားရမှာမဟုတ်ဘူးလေ”လို့ သူက ဆိုပါတယ်။

ကောင်စီဝင်တွေကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်မှုရရှိရေးနဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပြီး ပြည်သူတစ်ဦးချင်းစီက အတူတကွ ဝိုင်းဝန်းပူးပေါင်းဖို့ ဒေသခံတွေကို ပြောဆိုတိုက်တွန်းနေကြတာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ဒိုစောတောနီးကလည်း စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ စည်းရုံးရေးခရီးစဉ်တွေဟာ လူထုယုံကြည်ရအောင် ရလိုရငြားကြိုးပမ်းဆောင်ရွက်တာ ဖြစ်ပေမယ့် ဘာမှအရာမထင်နိုင်တော့ဘူးလို့ ဝေဖန်ပါတယ်။

“နောက်ဆုံးအနေနဲ့ ရလိုရငြားနဲ့ ကြိုးစားတဲ့ပုံသဏ္ဍာန်လည်း ပေါက်နေပါတယ်။ အဲဒါကြောင့်မို့ မီးစာကုန် ဆီခန်းတဲ့အခြေအနေမျိုးရောက်နေတဲ့ သူတို့ရဲ့အခြေအနေက ပျက်စီးကာနီးမှာ ဘာပဲဖြစ်ဖြစ် မိရာကိုင်ရာ လျှောက်လုပ်နေတဲ့သဘော။ ကမန်းကတမ်းနဲ့ လုံးဝကိုအခြေအနေမဟန်တော့ဘူးဆိုတဲ့ အနေအထားမှာ ရလိုရငြားကောက်ရိုးတမျှင်ရမလား လျှောက်လုပ်နေတဲ့အနေအထားပါပဲ။ ဘာမှလည်းအရာထင်မှာလည်း မဟုတ်ဘူး။ နောက်ပြီးတော်လှန်ရေးပေါ်မှာလည်း ဘာမှအကျိုးသက် ရောက်မှုရှိမှာလည်းမဟုတ်ဘူး” လို့ဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA)ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းချိန်ကတည်းက တိုက်ပွဲတွေနဲ့ မလုံခြုံမှုတွေကြောင့် လက်ရှိမှာလူဦးရေ ၁ ဒဿမ ၆ သန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အရပ်သားပိုင်ဆိုင်မှု အိုးအိမ်အဆောက်အအုံပေါင်း ၇၅၀၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့အထိ စစ်ကောင်စီနဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူပေါင်း ၄၀၀၀ ကျော်ခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကနေ သိရပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်တယ်လို့ အမြဲလိုလို ကြွေးကြော်နေပြီး ကောင်စီဝင်တွေကလည်း ပြည်သူတွေကို စည်းရုံးသိမ်းသွင်းလာနေတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.