မော်လမြိုင်၊စက်တင်ဘာ ၁၉

မွန်ပြည်နယ် သထုံမြို့နယ်ခြေစိုက် အမှတ်(၉) ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားတစ်ဦးဟာ စနိုက်ပါတစ်လက်နဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

အသက် ၃၃ အရွယ် တပ်သား စောသက်နိုင်ထွန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့မှာ 338 Sniper တစ်လက်၊ 338 ကျည် ၅၀ တောင့်နဲ့အတူ KNLA ထံ လာရောက်ပူးပေါင်းခဲ့တာပါ။

တပ်သား စောသက်နိုင်ထွန်းဟာ စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်တွေကို မနှစ်သက်တာကြောင့် KNLAထံ လာရောက်ပူးပေါင်းခဲ့ပြီး တော်လှန်ရေးပြီးဆုံးတဲ့အထိ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်သွားမယ်လို့ သိရပါတယ်။

KNLA ထံ လာရောက်ပူးပေါင်းခဲ့တဲ့ တပ်သား စောသက်နိုင်ထွန်းကို ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ ထိုင်းဘတ်ငွေ တစ်သိန်း ကူညီထောက်ပံ့ပေးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU က စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တဲ့ တပ်သားတွေအနေနဲ့ လာရောက်ပူးပေါင်းနိုင်ကြောင်းနဲ့ ရှေ့ဆက် ဘဝရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသွားမယ်လို့ အသိပေးထားပါတယ်။

နိုင်ငံတဝန်းမှာ အာဏာသိမ်းမှုကို လက်မခံတာကြောင့် စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်ဟာ ပြည်သူ့ရင်ခွင်ခိုလှုံ လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.