ပုလော၊ စက်တင်ဘာ(၁၇)
နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတာကြောင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
တပ်အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး လက္ကူးကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲပြီးနောက် စက်တင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်ဟာ လက္ကူးကျေးရွာထဲ ဝင်ရောက်လာပြီး ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထားတာကြောင့် ကနဦးမှာ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက် စီးထားပြီး ကျေးရွာထဲမှာ စစ်ကောင်စီတပ်ရှိနေတာကြောင့် အရေအတွက်အတိအကျ မသိရသေးဘူးလို့ မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲကြောင့် လက္ကူးကျေးရွာဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာသား ၁၀၀ လောက်ကတော့ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်း စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူပိုင်နေအိမ်အ လုံး ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ