ထားဝယ်၊ စက်တင်ဘာ(၁၇)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးမှာ ဝန်ကြီးလမ်းကြောင်း လုံခြုံရေးလာယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားတယ်လို့ ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့(DGRF) ထံကနေ သိရပါတယ်။

တပ်အင်အား ၇၀ နီးပါးနဲ့ ဝန်ကြီးလမ်းကြောင်း လုံခြုံရေးလာယူတဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့(DGRF)က စနိုက်ပါနဲ့ အရင်ဆုံးပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား နှစ်ဖက်တိုက်ပွဲအချိန် နာရီဝက်နီးပါးအကြာ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့(DGRF) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ခိုက်မှုပြီးနောက် နေ့လည် ၁၂ နာရီလောက်မှာ ထားဝယ်နည်းပညာတက္ကသိုလ်ထံ စစ်ကောင်စီ ဝန်ကြီးတစ်ဦး လာရောက်ချိန်မှာ ဝန်ကြီးလမ်းကြောင်းကို လက်နက်ကြီးတွေနဲ့ ချိန်ဆပစ်ခတ်ခဲ့ပြီး ထိခိုက်မှုအခြေအနေ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့(DGRF)နဲ့ ဥသြစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီဘုရားမဲဂိတ် စနိုက်ပါနဲ့ပစ်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-DGRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.