မော်လမြိုင်၊ စက်တင်ဘာ(၁၇)

အခုလတည်းမှာပဲ တပ်စခန်း ၃ ခုအထိ ဆုံးရှုံးထားတဲ့ စစ်ကောင်စီတပ်ဟာ စိတ်ဓာတ်ရေးရာအပြင် စွမ်းဆောင်ရည် အားလုံးပြိုဆင်းနေပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။

KNU အုပ်ချုပ်နယ်မြေတွေမှာရှိတဲ့ စစ်ကောင်စီ သစ်ချဆိပ်စခန်း၊ ဆာလော်ကျိုးခေးပူစခန်းနဲ့ ရေတလျောက်တပ်စခန်း ၃ ခုကို စက်တင်ဘာ ၁ ရက်ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

အဲဒီထဲမှာ စက်တင်ဘာ ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီးရှိ ရေတလျောက်တပ်စခန်းဆိုရင် KNLA ပူးပေါင်းတပ်က အချိန် ၂၅ မိနစ်အတွင်း စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ရေတလျောက်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၉ ဦးသေဆုံးကာ အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ထွက်ပြေးလွတ်မြောက်သွားတာရှိသလို လက်နက်ခဲယမ်းအများအပြားကိုလည်း KNLA တော် လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။

“တိုက်ပွဲဖြစ်ချိန်က နာရီဝက်တောင်မကြာဘူး။ စခန်းက ကျသွားတယ်။ သူတို့ဆီရလိုက်တဲ့ လက်နက်ပစ္စည်းအားလုံးက ကြည့်လိုက်တဲ့အခါမှာ လက်နက်ပစ္စည်းတွေကလည်း နည်းတာမဟုတ်ဘူးနော်။ ကားဘယ်နှစ်စီးစာတောင် တိုက်စရာရှိတယ်၊ အဲဒီလောက်များတဲ့ လက်နက်ခဲယမ်းတွေ ဒီလောက်များတဲ့ဟာကို သူတို့ခုခံတိုက်ခိုက်မယ်ဆိုရင် အများကြီးပြန်ပြီးတော့ တိုက်လို့ရသေးတယ်။ ဒါပေမဲ့ ၂၅ မိနစ်အတွင်းမှာ ကျသွားတယ်ဆိုတော့ ဒါကရှင်းရှင်းပြောရမယ်ဆိုရင်တော့ သူတို့ရဲ့စွမ်းဆောင်ရည်ရော၊ သူတို့စိတ်ဓာတ်ရေးရာမှာရော၊ အကုန်လုံးပြိုဆင်းနေပြီဆိုတာကို ရှင်းနေတာပဲလေ”လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

လက်ရှိမှာလည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တပ်မဟာ(၆)နယ်မြေ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာနေသလို ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့အထက်ဘက် ထိုင်း-မြန်မာနယ်စပ်နဲ့ နီးတဲ့ဘက်ကစစ်ကောင်စီရဲ့ ကွီလုံတိုင်စခန်းကိုလည်း ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်နေ့စတင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။

ကွီလုံတိုင်စခန်းမကျဖို့အတွက် စစ်ကူပို့လွှတ်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကိုလည်း KNLA တော်လှန်ရေးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဟာ ထိုင်းနယ်မြေဘက်ခြမ်းကို ထွက်ပြေးသွားခဲ့ရတာတွေရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်စခန်းတွေကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ စီးနင်းတိုက်ခိုက်မှု၊ ပျောက်ကြားပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှုတွေကို နေ့စဉ်ပြုလုပ်နေတဲ့အတွက် စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရသူတွေ ပိုမိုများပြားလာခဲ့ပြီး စိတ်ဓာတ်ရေးရာပိုင်းမှာလည်း ကျဆင်းလျက်ရှိရာ KNU ထံ လာရောက်ပူးပေါင်းတာတွေရှိနေတယ်လို့ KNU ဒူးပလာယာခရိုင်ကလည်း ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.