မော်လမြိုင်၊ စက်တင်ဘာ(၁၇)
နိုင်ငံခြားငွေကြေးဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာပေမယ့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ စက်သုံးဆီဈေးဟာ နေ့စဉ်ဆိုသလို ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အမြင့်ပိုင်းမှာပဲရှိခဲ့တဲ့ နိုင်ငံခြားငွေကြေးဈေးတွေဟာ စက်တင်ဘာပထမအပတ်ကစပြီး အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၉၀၀ ကနေ ကျပ် ၃၄၀၀ ကျော်အထိ ဈေးနှုန်းကျဆင်းလာသလို ထိုင်းဘတ်ငွေဈေးနှုန်းကလည်း တစ်ဘတ်ကို ကျပ် ၁၂၀ ဝန်းကျင်ကနေ ကျပ် ၉၉ ကျပ်နီးပါးအထိ ဈေးကျလာတာပါ။
နိုင်ငံခြားငွေကြေးဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာပေမယ့် တစ်လီတာကျပ် ၂၄၀၀ ဝန်းကျင်သာရှိတဲ့ 95 ဓာတ်ဆီတစ်လီတာဟာ ကျပ် ၂၆၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာသလို 92 ဓာတ်ဆီကလည်း ကျပ် ၂၃၀၀ ကျော်ကနေ ၂၅၀၀ ဝန်းကျင်အထိ ဈေးနှုန်းလိုက်တက်လာတာပါ။
ဒါ့အပြင် ပရီမီယံဒီဇယ်ကလည်း တစ်လီတာကို ကျပ် ၂၅၀၀ ကနေ ကျပ် ၂၈၀၀ ဝန်းကျင်၊ ရိုးရိုးဒီဇယ်မှာတော့ ကျပ် ၂၅၀၀ ဝန်းကျင်ကနေ ၂၇၀၀ ကျော်အထိ ဈေးနှုန်းထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။
စက်သုံးဆီဈေးနှုန်းဟာ ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းပြန်လည်မြင့်တက်လာမှုနဲ့အတူ စစ်ကောင်စီရဲ့ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် ဈေးနှုန်းထပ်မံမြင့်တက်လာတာဖြစ်တယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဆီကတော့ ကမ္ဘာ့ဈေးတက်လို့တက်တာ။ စင်္ကာပူဈေးတက်လို့ တက်တာပေါ့။ ကမ္ဘာ့ဈေးကျရင် သူကချက်ချင်းကျတယ်။ ကမ္ဘာ့ဈေးတက်ရင် ချက်ချင်းတက်တယ်။ အခုသူအရာအားလုံးကို ဈေးဆွဲချနေတဲ့အချိန်မှာ ဆီကတက်နေတယ်။ တက်နေတယ်ဆိုတာကလည်း အခုချိန်ကရှင်းရှင်းပြောရင် ကမ္ဘာ့အခင်အကျင်းက ကမ္ဘာ့ဈေးက တအားတက်နေတယ်။ စင်္ကာပူဈေးက (၁၀၀) စွန်းစွန်း (၉၀)ကျော်ကနေအခုက (၁၃၀)လောက် ဖြစ်သွားပြီ။ အခုဈေးနှုန်းတွေ ရှင်းရှင်းပြောရင် သူသတ်မှတ်တဲ့ဈေးနှုန်းအတိုင်း မရောင်းရင်အခုကဘယ်လို ပြောမလဲဆို ဒဏ်ကြေးမဟုတ်တော့ဘူး။ တစ်ခါတည်းပိတ်သိမ်း ဆိုတာတွေပါလာတာ”လို့ ဆိုပါတယ်။
ဒါ့အပြင် စက်သုံးဆီတွေ ဝယ်ယူတဲ့နေရာမှာလည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့အတွက် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းကျဆင်းနေချိန်မှာ လိုသလောက် ဝယ်ယူလို့မရတာ၊ ဈေးနှုန်းပြောင်းလဲလာနေတဲ့ စက်သုံးဆီတွေကို အတက်ဈေးနဲ့ ဝယ်ယူရတဲ့အတွက် ဈေးနှုန်းသိသိသာသာ ကြီးမြင့်မှုနဲ့ကြုံနေရတာလို့ သူက ဆက်ပြောပါတယ်။
အငှားယာဉ်မောင်းတစ်ဦးကလည်း စက်သုံးဆီဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတာကြောင့် အငှားယာဉ်လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။
“ခက်ခဲမှုကအများကြီး ဖြစ်သွားပြီ။ ဘာကြောင့်လဲဆိုတော့ ခရီးတစ်ခုသွားတာ တစ်နေ့လုပ်တစ်နေ့စားတာထက်ကို ဝင်ငွေကတစ်ဆ၊ ထွက်ငွေကသုံးဆလောက် ဖြစ်နေတယ်။ ဖြစ်နေတဲ့လက်ရှိနှုန်းထားကလည်း ဟိုအရင်တုန်းကလည်း တစ်ခေါက်သွားရင် (၃၀၀၀)ပဲ ရတယ်။ အခုလည်းတစ်ခေါက်သွားရင် (၃၀၀၀)ပဲ ရတာပဲ။ အခုအလုပ်လုပ်နေတဲ့အချိန်မှာ ဆီဖိုးလေးရဖို့အတွက်ကို အရင်ကြိုးစားရတာပေါ့။ ဒီဆီဈေးအနေအထားနဲ့ ဆိုရင်တော့ ဘာမှရှေ့ဆက်လုပ်ဖို့ဆိုတာ မလွယ်တော့ဘူး။ ခက်ခဲမှုတွေ ပိုပြီးတော့မြင့်မားသွားပြီ။ ပြည်သူတစ်ယောက်အနေနဲ့ကတော့ ဒါလုံးဝမကောင်းတဲ့ရလဒ်ပေါ့။ ကျွန်တော်တို့က အာဏာမသိမ်းခင်ကဆိုရင် ကျွန်တော်တို့ စက်သုံးဆီတစ်လီတာကို (၆၀၀)ကျော်နဲ့ ကျွန်တော်တို့မောင်းခဲ့ရတယ်။ အခုစက်သုံးဆီတစ်လီတာကို အခုဆိုရင် (၂၅၀၀) ပြည့်ဖို့ (၁၅)ကျပ်ပဲ လိုတော့တယ်ခင်ဗျ။ ဒါမိသားစုတွေအားလုံးပြေလည်ဖို့ဆိုရင် ကုန်ဈေးနှုန်းကျဖို့ကို တောင်းဆိုချင်တယ်ခင်ဗျ”လို့ ဆိုပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ စက်သုံးဆီတွေကို ခွဲတမ်းစနစ်နဲ့သာ ရောင်းချပေးနေပြီး သူတို့သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေအတိုင်း မရောင်းပါက စက်သုံးဆီအရောင်းဆိုင်တွေ အပြီးပိတ်သိမ်းသွားမယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ဆောင်ထားပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ စက်သုံးဆီးဈေးနှုန်း ကျဆင်းစေဖို့အတွက်ဆိုပြီး လက်အောက်ခံ ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေကြေး ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့တာ၊ ရုရှားစက်သုံးဆီ တင်သွင်းတာတွေ လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media