ကျိုက်ထို၊ စက်တင်ဘာ(၁၇)

မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့သထုံမြို့နယ်တို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲရဲစခန်းတွေကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံအရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က သိမ်ဇရပ်နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီရဲတပ်ဖွဲ့ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် သိမ်ဇရပ်မြို့ ရွာလေးရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၃၃ နှစ်အရွယ် ဒေသခံဒေါ်ဌေးဌေးမော်နဲ့ အသက် ၁၆ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီနောက် စက်တင်ဘာ ၁၅ ရက်နေ့မှာလည်း သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ရင်းကနေ ဝါးဒက်ကွင်းနဲ့ သုံးခွရေကျော်ကျေးရွာတို့ကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သုံးခွရေကျော်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဦးဝင်းလှိုင်နဲ့ ဇနီးဖြစ်သူဒေါ်သန်းသန်းအေးတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့အတွက် သထုံခရိုင်ပြည်သူ့ဆေးရုံထံ ပို့ဆောင်ကုသနေရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း သထုံမြို့နယ် အခြေစိုက်စစ်ကောင်စီ ပိန္နဲတောတပ်စခန်းကနေ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၁၃ နှစ်အရွယ် မောင်ဇော်ဖြိုးဦးနဲ့ အသက် ၃၈ နှစ်အရွယ်နော်ခိုင်ခိုင်တို့ ကျည်ထိမှန်ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူပိုင် နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU သထုံခရိုင်ထဲမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေ သခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်ချက်ရှိတယ်လို့ ကရင်အရပ်ဘက် အဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.