ကြာအင်းဆိပ်ကြီး – စက်တင်ဘာ (၁၆)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ကျေးရွာပေါင်း ၃ ရွာက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

KNU တပ်မဟာ(၆) အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ခလယ်၊ မြို့ဟောင်းနဲ့ ခလယ်ရွာလေးကျေးရွာတွေက ဒေသခံပြည်သူတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်း ရှောင်နေရသလို ဘုရားငါးဆူ၊ တံခွန်တိုင်၊ နောင်ဒေးနဲ့ ပုလိန်ကျေးရွာက ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

လက်ရှိမှာလည်း မွန်ပြည်နယ်ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာကနေတစ်ဆင့် တောင်ကလေး-ခလယ်တံခွန်တိုင် ကားလမ်းမအတိုင်း စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေ တပ်အင်အားအများအပြားနဲ့ ထပ်မံလာရောက်ဖြည့်ဆည်းနေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ အခုထက်ပိုပြီး ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၄ ဦး ထက်မနည်း ထိခိုက်မှုတွေရှိခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့ဘက်ကလည်း ထိခိုက်မှုရှိခဲ့သလို စက်တင်ဘာ ၁၅ ရက်နေ့မှာလည်း လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့အတွက် ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.