“ဒီတပ်မဟာမှူးအဆင့်ကို ခန့်အပ်လိုက်တာနဲ့ စစ်ရေးအခြေအနေက ပိုတိုးမြင့်လာဖို့ဆိုတာက တိုက်ရိုက်ကြီးသက်ရောက်လိမ့်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ မူဝါဒကရှင်းနေတာပဲလေ။ အထူးသဖြင့် စစ်အာဏာရှင် စနစ်ကို ချုပ်ငြိမ်းဖို့အတွက်ဆိုရင် နည်းလမ်းပေါင်းစုံနဲ့ တိုက်ထုတ်ရမှာရှိပြီးသား”
ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄)၊ တပ်မဟာ(၆)၊ တပ်မဟာ(၇)တို့ရဲ့ တပ်မဟာမှူးနဲ့ ဗျူဟာမှူးတို့ကို အခုရက်ပိုင်းထဲ ပြောင်းလဲခန့်အပ်ခဲ့တာပါ။ KNLA တပ်မဟာမှူး ၃ ဦး အပြောင်းအလဲဟာ စစ်ရေး ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်လာနိုင်မလား၊ စစ်ရေးအရှိန်မြှင့်တင်လာနိုင်တဲ့ အခြေအနေ၊ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တွေနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။
၁။ အရင်ဆုံး KNLA တပ်မဟာမှူး ၃ ဦး အပြောင်းအလဲနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ပထမဆုံးပြောချင်တာက KNLAရဲ့ ခြောက်လပတ် တပ်မှူးအစည်းအဝေးဆိုတာ မဟုတ်ပါဘူး။ အစည်းအဝေး က အမှန် KNLAကတပ်မှူးကြီးတွေ တွေ့ဆုံကြတဲ့အစည်းအဝေးပဲဖြစ်ပါတယ်။ အခုသတင်းထွက်လာတဲ့ တပ်မဟာမှူး အပြောင်းအလဲရှိတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာလည်း အထူးသဖြင့် တပ်မဟာ၄နဲ့ တပ်မဟာ၆တွေ တပ်မဟာ၇အတွက် တပ်မဟာမှူးအဆင့်တွေ ခန့်အပ်လိုက်တာဆိုတာ အဲဒါကိုတွေ့ရပါတယ်။ ဟုတ်ပါတယ်။ အတည်ပြုလို့ရပါတယ်။
၂။ တပ်မဟာမှူး အပြောင်းအလဲမှာ အထူးသဖြင့် ဒီစစ်ရေးဆိုင်ရာပိုင်းမှာ အပြောင်းအလဲတွေ ဘာရှိလာနိုင်မလဲ၊ စစ်ရေးအရှိန်တွေ ပိုမိုတိုးမြှင့်လာနိုင်မလား။
ဒီတပ်မဟာမှူးအဆင့်ကို ခန့်အပ်လိုက်တာနဲ့ စစ်ရေးအခြေအနေက ပိုတိုးမြင့်လာဖို့ ဘယ်လိုရှိလာမလဲဆိုတာ ဒါကတိုက်ရိုက်ကြီးသက်ရောက်လိမ့်မှာတော့ မဟုတ်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကကျွန်တော် တို့ မူဝါဒအပေါ်မှာပဲမူတည်ပါတယ်။ ကျွန်တော်တို့ မူဝါဒကရှင်းနေတာပဲလေ။ ဒီစစ်ကောင်စီကို အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းဖို့အတွက်ဆိုရင် နည်းလမ်းပေါင်းစုံနဲ့ တိုက်ထုတ်ရမှာရှိပြီးသား။ ဒါကစစ်ရေးအရ တစ်ခုတည်း မဟုတ်ဘူး။ နိုင်ငံရေးအရရော၊ ပိတ်ဆို့မှုအရရော၊ သံတမန်ရေးအရရော နည်းလမ်းပေါင်းစုံနဲ့ ပြည်သူလူထုအင်အားရော၊ လူထုတိုက်ပွဲဝင်ဖို့ အနေအထားရော အကုန်လုံး ပါဝင်ရမယ်လေ။ ဟန်ချက်ညီညီနဲ့ ကဏ္ဍအသီးသီးမှာ စစ်ရေးအပါအဝင် အကုန်လုံးအရှိန်မြှင့်ရမယ်ဆိုတာ ရှိပြီးသားပါ။ အဲဒါကြောင့်မို့ တပ်မဟာမှူး အသစ်ခန့်အပ်လိုက်တာနဲ့ ဒါတိုက်ရိုက်ကြီးတော့ ပတ်သက်နေတယ်လို့တော့ မဆိုနိင်ပါဘူးလေ။ ကိုယ်လုပ်ရမယ့် အလုပ်ကို ဆက်လုပ်ဖို့ပဲရှိတယ်။
၃။ ဖာပွန်မှာ စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲလို့ ကျောင်းဆရာ၊ကျောင်းသားတွေ သေဆုံးဒဏ်ရာရကြတယ်။ အရပ်သားအပေါ်ပစ်မှတ်ထားပြီး စစ်အုပ်စုရဲ့ တိုက်ခိုက်မှုပိုမိုလုပ်ဆောင်လာနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘာတုံ့ပြန်ချင်တာ ရှိမလဲ။
ကျွန်တော်တို့ရဲ့ ဖာပွန်ခရိုင်မှာရော၊ ညောင်လေးပင် ခရိုင်ဘက်မှာရော လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ပိုပြီးထိခိုက်လာတယ်။ တပ်စခန်းသိမ်းခံရပြီးနောက် တိုက်ခိုက်မှုတွေ ပိုတိုးလာတယ်။ အဲဒါတွေ မတိုက်ခိုက်လည်း သူ့ဘာသာထလုပ်နေတာတွေ ရှိတယ်။ ညဘက်ကျ မီးရောင်လေး မြင်တာနဲ့ စစ်ရှောင်တွေ ရှိမယ်။ ရွာသားတွေရှိနေတာကို လက်နက်ကြီးနဲ့ လှမ်းထုတာပဲ။ ခဏခဏပစ်နေတာပဲ။ အဲဒါကြောင့်မို့ သူတို့ လုပ်ရပ်တွေက တိုက်ပွဲဖြစ်တာပဲဖြစ်စေ၊ မဖြစ်လည်း အဲဒီလိုမျိုးလုပ်နေတာ နေ့စဉ်နဲ့အမျှ ဖြစ်နေတယ်။
အဲဒါကြောင့် သူတို့က စစ်ရာဇဝတ်မှုကို လုံးလုံးကျူးလွန်တဲ့သူတွေ ဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တို့ KNUကလည်း ထုတ်ပြန်ချက်တွေ ထုတ်မှာပါ။ အရပ်သားတိုက်ခိုက်မှုတွေ၊ အရပ်သားသေဆုံးပျက်စီးမှုတွေကို ထုတ်ပြန်ကြေညာချက်ထုတ်သလို ကျွန်တော်တို့ကလည်း တောင်းဆိုချင်တာက လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုက တကယ်လိုအပ်ပြီဆိုတာ စစ်ကောင်စီကို ဝိုင်းဝန်းပိတ်ဆို့ပြီးတော့ စစ်ရေးကို အရပ်သားပေါ်မှာ ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရပ်တန်းကရပ်အောင် သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အထူးပိတ်ဆို့သွားဖို့တော့ လိုအပ်တယ်။ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေပိတ်ဆို့မှုတွေ အရမ်းလိုအပ်နေတယ်ဆိုတာ ကျွန်တော်ပြောချင်တယ်။
၄။ KNU ထံ စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတဲ့သတင်းတွေ တွေ့နေရပါတယ်။ အခုနှစ် ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိပေါ့။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ အလင်းဝင်ရောက်လာတဲ့ အခြေအနေလည်း ပြောပြလို့ရနိုင်သလောက် ပြောပြပေးပါဦး။
စကစဘက်က စစ်သားတွေ အလင်းဝင်လာတာတွေရော လက်နက်ချတာတွေရောမျိုးစုံပဲ။ လူဦးရေကတော့ မပြတ်တမ်းရှိတယ်။ ကျွန်တော်တို့ နားလည်ရမှာက လက်နက်ချ အလင်းဝင်တာရှိသလို လက်နက်ပါတာဖြစ်ဖြစ်၊ မပါတာပဲဖြစ်ဖြစ် အာဏာဖီဆန်ပြီး တော်လှန်ရေးကို နည်းလမ်းစုံကနေ အကျိုးပြုနေတဲ့စစ်သားတွေ လည်း ရှိနေတယ်ဆိုတာ ကျွန်တော်တို့နားလည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူဘက်ရပ်တည်ဖို့ပဲလိုတယ်။ ပြည်သူဘက်ရပ်တည်မယ်ဆိုရင် ဘယ်နေရာမှာနေနေ တော်လှန်ရေးကို အထောက်အကူပြုတယ်ဆိုတာ သတင်းပေးချင်တယ်။ အဲဒါကြောင့် နည်းလမ်းပေါင်းစုံနဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တဲ့နေရာမှာ အထူးသ ဖြင့် စကစတပ်သားတွေက လက်နက်နဲ့တကွလာပူးပေါင်းမယ်ဆိုရင် အကောင်းဆုံးဖြစ်တယ်ဆိုပေမယ့် ဒါကတော့ နည်းလမ်းတစ်ခုတည်း မဟုတ်ဘူး။ တခြားနည်းလမ်းတွေလည်း လုပ်နိုင်ပါတယ်ဆိုတာ အများကြီးရှိပါတယ်။ လုပ်နိုင်တဲ့အနေအထားနဲ့ဆက်ပြီး ကျွန်တော်တို့ အားပေးသွားမှာပါ။
၅။ နောက်ဆုံးအနေနဲ့ လက်ရှိ နိုင်ငံရေး စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူအပေါ် အသိပေးပြောကြားလိုတာရှိရင် ပြောပြပေးပါဦး။
နိုင်ငံရေး၊ စစ်ရေးပြောမယ်ဆိုရင် စကစဘက်က တော်တော်လေးကို အကြပ်ရိုက်တာကိုတော့ တွေ့ရတယ်။ နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေကလည်း မထင်မှတ်ပဲနဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို ပိုပြီးပိတ်ဆို့လာတာ တွေ့ရတယ်။ အဲဒါကြောင့် စီးပွားရေးဂယက်ရိုက်ခတ်မှုတွေက တိုင်းသူပြည်သားအပေါ်မှာရော၊ သူ့အပေါ်မှာရော နိုင်ငံတွင်းမှာရှိတဲ့သူတွေ ကြုံတွေ့ရမှာပဲ။ ဒါပေမယ့်အရေးကြီးဆုံးဖြစ်တဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးဆိုတာက ကျွန်တော်တို့ဒီဟာကို အတူတကွ ရင်ဆိုင်သွားရမှာပဲလေ။ ဒါကတော့ အာဏာရှင်စနစ်တွေ ပြုတ်ကျဖို့က အဓိကဖြစ်တဲ့အပေါ်မှာ ကျွန်တော်တို့က ရှေ့ဆက်ပြီးချီတက်သွားဖို့ပဲ ရှိတယ်။ အခက်အခဲအကျပ် တည်းတွေရှိလည်း ကျွန်တော်တို့ နောက်ဆုတ်လို့မရဘူးဆိုတာ သတင်းပေးချင်တယ်။ ကျွန်တော်တို့လည်း အတူတိုက်ပွဲဝင်သွားမယ်ဆိုတာ အတိအလင်း အသိပေးချင်ပါတယ်။