ဖာပွန်၊ စက်တင်ဘာ(၁၅)

ပြည်သူလူထုအပေါ် ရန်သူသဖွယ် ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်လံပစ်ခတ် သတ်ဖြတ်ရှင်းလင်းနေတဲ့ စစ်ကောင်စီအပေါ် ကမ္ဘာ့ကုလသမဂ္ဂ(UN) အပါအဝင် ကမ္ဘာ့နိုင်ငံကြီးဒီမိုကရေစီနိုင်ငံတွေအနေနဲ့ အရေးယူမှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ KNU ဖာပွန်ခရိုင် အလုပ်အမှုဆောင်ကော်မတီက ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေနဲ့ ရွာသူရွာသားတွေ နေထိုင်တဲ့နေရာတွေမှာ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပေါ် KNU ဖာပွန်ခရိုင် တပ်မဟာ(၅)က ဆန့်ကျင်တဲ့အကြောင်း စက်တင်ဘာ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုခဲ့တာပါ။

KNU ဖာပွန်ခရိုင်ထဲက စစ်ကောင်စီရဲ့ ဆာလော်ကျိုး ခေးပူတပ်စခန်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၇ ရက်နေ့မှာ စစ်ကောင်စီတပ်ကနေ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး ကျေးရွာတွေထဲကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းကော်မတီဝင်နဲ့ ကျောင်းသားအပါအဝင် ၄ ဦး သေဆုံးခဲ့ရပြီး ကျောင်းဆရာမနဲ့ ကျောင်းသားတွေအပါအဝင် ၆ ဦး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအပါအဝင် အခြားတော်လှန်ရေးအင်အားစုတွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားပါက ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေနဲ့ လယ်ယာ တောင်ယာလုပ်ငန်းခွင်တွေထဲကို လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်နေတာတွေ မကြာခဏ လုပ်ဆောင်နေတယ်လို့ KNU ဖာပွန်ခရိုင်က ဆိုပါတယ်။

ဆာလော်ကျိုး ခေးပူစခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်သုံးလေယာဉ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့တဲ့ ကျေးရွာတွေဟာ KNU/KNLA ဌာနရုံးတွေနဲ့ အဆောက်အဦးတွေ တည်ရှိတဲ့ နေရာမဟုတ်ဘဲ ဒေသခံပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်လံပစ်ခတ် သတ်ဖြတ်ရှင်းလင်းနေခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

KNU ဗဟိုကလည်း ဖာပွန်ခရိုင်အတွင်း အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်လျက်ရှိတဲ့ စစ်ကောင်စီကို ပိုမိုထိရောက် လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ တိုးချဲ့ပိတ်ဆို့အရေးယူဖို့ နိုင်ငံတကာထံ စက်တင်ဘာ ၁၁ ရက်နေ့မှာ တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.