ကျိုက်ထို ၊ စက်တင်ဘာ (၁၅)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုတွေ တင်းကျပ်ထားတာကြောင့် မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ခရီးသွားတွေနဲ့ ကားသမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာပထမအပတ်ကစပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ မော်တော်ယာဉ်တွေကို တန်းစီစောင့်ဆိုင်းခိုင်းကာ အချိန်ကြာမြင့်စွာ စစ်ဆေးမှုတွေ ပြုလုပ်နေသလို လူနဲ့ကုန်ပစ္စည်းတွေကိုလည်း အသေးစိတ်ကအစ စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။
စစ်ကောင်စီဘက်က အစစ်ဆေးတင်းကျပ်ထားတာကြောင့် နေ့စဉ်ကားရာနဲ့ချီ ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပြီး မရမ်းချောင်ဂိတ်ကို ဖြတ်သန်းသွားလာဖို့ဆိုရင် အနည်းဆုံးအချိန် ၂ နာရီကနေ ၃ နာရီဝန်း ကျင်အထိ စောင့်ဆိုင်းရတာတွေ ရှိနေပါတယ်။
ယာဉ်မောင်းတစ်ဦးကတော့ မရမ်းချောင်ဂိတ်မှာ ကားအကုန်လုံးနီးပါးကို အသွားရောအပြန်ပါ စစ်ဆေးတာတွေ ပြုလုပ်နေပြီး အခုလိုစစ်ဆေးတာတွေကြောင့် လမ်းခရီးကြန့်ကြာမှုတွေ ဖြစ်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မရမ်းချောင်ဂိတ်မှာ တော်တော်ကြာတယ်ဆိုတာက ကျွန်တော်တို့ကားတွေကို သူတို့ကလည်း ဘာတွေစစ်လို့ စစ်မှန်းကိုမသိတာ။ အခုကကုန်ကားကြီးတွေစစ်လိုက်၊ ကျွန်တော်တို့ မှန်လုံတွေစစ်လိုက်နဲ့ အခုကတော့ ဒီရက်ပိုင်းမှာဘဲကျပ်တာ။ မရမ်းချောင်ဂိတ်မှာက ရန်ကုန်ကလာလည်းစစ်တယ်။ မေးတယ်၊ မြန်းတယ်။ ဒီကသွားလည်းစစ်တယ်၊ မေးတယ်၊ မြန်းတယ်။ ကြာတယ်ဒီရက်ထဲမှာက၊ သူတို့က အဓိပစ်မှတ်ကတော့ ဘာရယ်လို့မဟုတ်ဘူး။ ကားတွေကို ကြန့်ကြာအောင်လုပ်တယ်။ လူကိုရှာလိုက်၊ ပစ္စည်းတွေလိုက်စစ်လိုက်နဲ့ ဒါပဲသူတို့တွေလုပ်နေကြတာ၊ ခရီးစဉ်နောက်ကျတာပေါ့၊ ဥပမာ ဒီရန်ကုန်က ထွက်လာတဲ့ကားက ညနေ (၄)နာရီ၊ (၄)နာရီခွဲလောက် ရောက်မယ့်ကားက တစ်ခါတလေကျရင် အဲဒီလိုမျိုးကြန့်ကြာသွားတဲ့ အခြေအနေကြောင့် (၂)နာရီလောက်ကြာသွားတယ်၊ ဒီတော့(၆) နာရီခွဲလောက်မှ ရောက်လာတဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေဟာ ကုန်ပစ္စည်းတွေကိုလည်း အသေးစိတ်ကအစ ဖွင့်ဖောက်စစ်ဆေးတာတွေ ပြုလုပ်နေသလို ခရီးသည်တစ်ဦးချင်းကိုလည်း စစ်ဆေးတာတွေ ပြုလုပ်နေတာကြောင့် အချိန်ပိုမိုကြန့်ကြာနေရတယ်လို့ သူက ဆက်ပြောပါတယ်။
ပရဟိတအဖွဲ့ယာဉ်မောင်းတစ်ဦးကလည်း မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာကြောင့် လူနာပို့ဆောင်တာကအစ အခက်အခဲရှိလာတယ်လို့ ပြောပါတယ်။
“ယာဉ်ကြောပိတ်ဆို့မှုက တော်တော်လေးကို ဖြစ်နေတာ။ ဖြစ်နေလို့ ကျွန်တော်တို့တောင် ရွာထဲကနေပြီးတော့မှ လူနာတွေကို ပို့လိုက်ရတဲ့ အနေအထားမျိုး ဖြစ်တယ်။ နောက်နေ့မနက် ပြန်လာတော့လည်း အဲဒီလိုပဲမနက် (၇)နာရီလောက်ပဲ ရှိသေးတယ်။ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်တာ။ အဓိကတော့ကားတွေက မရမ်းချောင်စစ်ဆေးရေးဂိတ်ဝင်မယ့် ကားတန်းကရှည်သွားတယ်။ ပြီးတော့တချို့ကားသမားတွေက စည်းကမ်းမရှိဘဲနဲ့ ဒုတိယနောက်တစ်ကြောကို ထပ်တက်တာပေါ့။ ဒီဘက်က ရန်ကုန်ကနေ မော်လမြိုင်လာတဲ့ကားတွေ အကုန်လုံးကပိတ်ပြီးတော့ သွားလို့မရတော့ဘူး။ အဓိကတော့အစိုးရပိုင်းကလည်း သူအပိုင်းနဲ့သူစစ်ဆေးတာ ကြန့်ကြာတာတွေလည်း ရှိနေတယ်။ နောက်ယာဉ်မောင်းတွေရဲ့ စည်းကမ်းမရှိမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတာကို တွေ့ရတယ်ဗျ။ အဲဒီတော့နှစ်ဖက်ဖြစ်နေတာ ဖြစ်နေတယ်”လို့ ဆိုပါတယ်။
မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ယာဉ်ကြောပိတ်ဆို့ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတဲ့အတွက် အရေးပေါ်လူနာတွေရဲ့ အသက်အန္တရာယ်တွေပါ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေရတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
မရမ်းချောင်စစ်ဆေးရေးဂိတ်ဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့ကို အဓိက ကုန်သွယ်နေရတဲ့ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်မှာ တည်ရှိနေတာဖြစ်ပြီး စစ်ကောင်စီရဲ့ မလိုလားတဲ့ စစ်ဆေးရေးမှုတွေကြောင့် ကုန်သွယ်ရေးအပေါ်မှာလည်း သက်ရောက်မှုတွေ ကြီးမားနေတာပါ။
အာဏာသိမ်းကာလအတွင်းမှာ စစ်ကောင်စီဟာ မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ထားသလို ခရီးသွားကားနဲ့ကုန်တင်ကားတွေကနေ ငွေကြေးအဆမတန် တောင်းခံမှုတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ