ပေါင်၊ စက်တင်ဘာ(၁၅)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာကနေ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၁၂ ဦးဟာ တစ်ပတ်ကြာတဲ့အထိ မိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏပစ်ခတ်ရှင်းလင်းခံနေရတဲ့ ဥတ္တံတားကျေးရွာထဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းဆီးသွားတဲ့ ဒေသခံ ၁၅ ဦးအနက် ၃ ဦးကို နောက်တစ်နေ့မှာ စစ်ကောင်စီဘက်ကနေ ပြန်လွှတ်ပေးလိုက်ပေမယ့် ကျန်ဒေသခံတွေကို ဆက်လက်ဖမ်းဆီးထားတာပါ။

ဖမ်းဆီးခံဒေသခံတွေရဲ့ မိသားစုဝင်တွေက တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ထံသွားရောက် တောင်းဆိုတာတွေ ရှိပေမယ့် ဒီကနေ့အချိန်ထိ တွေ့ဆုံခွင့်မပေးသလို ဘယ်မှာထိန်းသိမ်းထားလဲဆိုတာ ပြောပြတာမရှိဘူးလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကိုခံထားရတဲ့ မိသားစုဝင်တွေက သူတို့လုံခြုံရေးနဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။

စစ်ကောင်စီနဲ့နီးစပ်သူတွေအဆိုအရ ဖမ်းဆီးထားတဲ့ ပေါင်ဒေသခံ ၁၂ ဦးကို ဇင်းကျိုက်နယ်မြေရဲစခန်းနဲ့ စစ်ကြောရေးထံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပေါင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ နှစ်လအတွင်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၅ ဦး ပစ်ခတ်ရှင်းလင်းခံထားရပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ရဲစခန်းတွေကလည်း ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.