နေပြည်တော်၊ စက်တင်ဘာ(၁၅)

ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ မိသားစုထံပေးပို့တဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရားဝင်ဘဏ်စနစ်ကနေ မဖြစ်မနေလွှဲပြောင်းရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားလာပါတယ်။

စစ်ကောင်စီဩဇာခံအလုပ်သမားဝန်ကြီးဌာနရဲ့ ညွှန်ကြားစာအရ ပြည်ပထွက် အလုပ်လုပ်သူတွေအနေနဲ့ သူတိုရဲ့လစာ ၂၅ ရာခိုင်နှုန်းကို တစ်လတစ်ကြိမ် ဒါမှမဟုတ် ၃ လတစ်ကြိမ် မဖြစ်မနေ လွှဲပြောင်းပေးပို့ရမှာ ဖြစ်ပါတယ်။

အဲဒီအချက်ကို အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနဲ့ အလုပ်သမားကြား သဘောတူကြောင်း စာချုပ်ချုပ်ဖို့လိုအပ်ပြီး ပြည်တွင်းဘဏ်တွေမှာ Special Account ငွေစာရင်း ဖွင့်ထားရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) အကြံပေး ဦးအောင်ကျော်က ပြည်ပရောက် မြန်မာလုပ်သားတွေဟာ မိသားစုထံ ငွေကြေးလွှဲပြောင်းတဲ့အခါ ပြင်ပပေါက် ဈေးနဲ့ရရှိနေတဲ့အတွက် စစ်ကောင်စီညွှန်ကြားချက်အပေါ် သဘောမတူကြဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အလုပ်သမားတော်တော်များများက လုံးဝလက်မခံဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ပုံမှန်အတိုင်းဆို သူတို့ရဲ့လုပ်အားခတွေကို မိသားစုထံ လွှဲပြောင်းတဲ့အခါ ပြင်ပပေါက်ဈေးနဲ့ အပြည့်အဝရရှိနေကြတယ်။ စစ်ကောင်စီကနေပြီးတော့မှ သူတို့ရဲ့ ဘဏ်ထဲကို လွှဲပြောင်းထည့်မယ်၊ ငွေကြေးအပြောင်းအလဲတွေ အတက်အကျဈေးတွေကို ပုံမှန်ထက်မလုပ်ပေးမှာ စိုးရိမ်နေတဲ့အတွက် တော်တော်များများ ဒီကိစ္စသဘောမတူဘူးဆိုတာ ကြားသိနေရပါတယ်”လို့ သူက ဆိုပါတယ်။

NUG အလုပ်သမားဝန်ကြီးဌာနကတော့ စစ်ကောင်စီအနေနဲ့ အလုပ်သမားတွေကို မတရားအာဏာပြ ဖိနှိပ်ဖို့နဲ့ သမ္မာအာဇီဝချွေးနည်းစာကို အဓမ္မခေါင်းပုံဖြတ်ပြီး ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ဖို့ လိုအပ်တဲ့လက်နက်ခဲယမ်းနဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တဲ့ စစ်လေယာဉ်ဆီဝယ်ယူရာမှာ အသုံးပြုဖို့ အဓိကရည်ရွယ်တာလို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကနေ ပြန်မလွှဲရင် နောက်တစ်ကြိမ် ပြည်ပထွက် အလုပ်လုပ်ခွင့် ၃ နှစ် ပိတ်ပင်သွားမှာဖြစ်သလို ပဋိညာဉ်ဥပဒေအရပါ အရေးယူခံရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ပြည်ပရောက် ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးကတော့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီထံ လွှဲပြောင်းပေးဖို့ စိတ်ကူးမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“(၂၅)ရာခိုင်နှုန်းလိုချင်တယ်ဆိုတော့မှ ကျွန်တော်တို့က ဘယ်လိုပြောရမှာလဲ။ မပေးဘူးဆိုရင် သုံးနှစ်ထွက်ခွာခွင့်ပိတ်မယ်ဆိုတော့ ကျွန်တော်တို့အခုရောပြန်လို့ရလား။ ကောင်းကောင်းမွန်မွန်ပြန်လို့မရဘူးလေ။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ကတော့ ပေးဖို့စိတ်ကူးမရှိဘူး။ ပြန်ဖို့ကလည်းအခုချိန်မှာ တော်လှန်ရေးမပြီးမချင်းပြန်ဖို့ စိတ်ကူးမရှိဘူး။ သူတို့ဖာသူတို့ ၂၅ရာခိုင်နှုန်းမကလို့ ဘယ်လောက်ပဲဖြတ်ဖြတ်ပေါ့နော် အိမ်ကိုပို့တဲ့အခါမှာ။ သူတို့ စစ်တမ်းကောက်ယူပြီးတော့မှပဲဖြတ်ဖြတ်၊ ဘယ်လိုပဲဖြတ်ဖြတ် ကျွန်တော်တို့ဘက်ကမပေးရင် သူတို့မရဘူးလေ။ ပေးဖို့စိတ်ကူးမရှိဘူးပေါ့နော်” လို့ဆိုပါတယ်။

ဗဟိုဘဏ်ကတော့ ပြည်ပမှာအလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ရရှိတဲ့ လုပ်ခလစာတွေကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားနေတဲ့ (AD) လိုင်စင်ရ ဘဏ်တွေကနေ တရားဝင်ပြန်လွှဲပြီး စိတ်ကြိုက်သုံးစွဲနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီအပေါ် ပြည်တွင်းအခွန်ဦးစီးဌာနကလည်း နိုင်ငံခြားကနေ ပြည်တွင်းကို တရားဝင်လွှဲပြောင်းတဲ့ ငွေတွေကို မော်တော်ယာဉ်ဝယ်ယူတာ၊ အခြေခံပစ္စည်းဝယ်ယူတာ၊ တည်ဆောက်တာနဲ့ ရင်းနှီးမြုပ်နှံတဲ့နေရာတွေမှာ အခွန်ကင်းလွတ်ခွင့်ပြုမယ်လို့ အသိပေးထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဗဟိုဘဏ်ကနေ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၂၁၀၀ ကျပ် သတ်မှတ်ထားပေမယ့် ပြင်ပမှာတော့ တစ်ဒေါ်လာကို မြန်မာငွေ ၃၅၀၀ ကျပ် ဝန်းကျင်အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနကတော့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လုပ်ခလစာကို ဖြတ်တောက်တာ၊ အခြားတနည်းနည်းနဲ့ ဖိအားပေးလွှဲပို့ဖို့ လုပ်ဆောင်တဲ့ အေဂျင်စီ ဒါမှမဟုတ် ဘယ်လူပုဂ္ဂိုလ်ကိုမဆို NUG အနေနဲ့ ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ စက်တင်ဘာ ၈ ရက်နေ့မှာ သတိပေးကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.