နယူးဒေလီ၊ စက်တင်ဘာ (၁၆)

 အိန္ဒိယနိုင်ငံ တောင်ပိုင်းပြည်နယ် ကီရာလာမှာ Nipah နီပါဗိုင်းရပ်စ် ကူးစက်ခံရလို့ လူ ၂ ဦးသေဆုံးပြီး နောက်ပိုင်း လူစုလူဝေးတွေနဲ့ စာသင်ကျောင်းတွေကို ပိတ်ပစ်ထားလိုက်ပါတယ်။ 

ကူးစက်ရောဂါဖြစ်စေတဲ့ အဲဒီဗိုင်းရပ်စ်ဟာ လင်းနို့တွေ ဒါမှမဟုတ် ဝက်တွေကနေတဆင့် ထွက်ပေါ်လာတာ ဖြစ်ပြီး သေစေနိုင်လောက်တဲ့ အဖျားရောဂါကို ဖြစ်ပေါ်စေတယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ(၁၄) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

နီပါဗိုင်းရပ်စ်ကူးစက်ခံရပါက ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ အသက်သေဆုံးနိုင်ချေရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောဆိုထားပြီး အဲဒီဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသေးဘူးလို့လည်း သိရပါတယ်။ 

ရောဂါလက္ခဏာတွေကတော့ အပြင်းဖျားတာ၊ အော့အန်တာနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်တာအပြင် အဆိုး ရွားဆုံးအနေနဲ့ ကိုမာရောဂါအထိဖြစ်စေနိုင်တဲ့ ဦးနှောက်ရောင်ရမ်းခြင်းအထိ ဖြစ်စေနိုင်တာပါ။ 

အိန္ဒိယနိုင်ငံမှာ အဲဒီဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ ဦးအထိရှိထားပြီး ကျန်းမာရေးလုပ်သား ၁၅၃ ဦးအပါအဝင် လူပေါင်း ၇၀၀ ကျော်ဟာ ရောဂါကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့ထားတာကြောင့် စစ်ဆေးနေတယ် လို့လည်း ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ 

အနည်းဆုံး ရောဂါကူးစက်ခံရသူ ၄ ဦးဟာ ဆေးရုံတက်ရောက် ကုသနေရသလို သူတို့အထဲက အသက် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးကတော့ သေဆုံးသွားခဲ့ပါတယ်။ 

လင်းနို့နဲ့ ဝက်တွေကနေ ကနဦးပျံ့နှံ့လာတဲ့ နီပါဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးထံကိုလည်း လျင်မြန်တဲ့နှုန်းနဲ့ ကူးစက်တတ်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားပါတယ်။ 

ရောဂါပိုးကူးစက်ခံရချိန်မှစပြီး ရောဂါလက္ခဏာဖြစ်ပေါ်တဲ့ အချိန်ကာလမှာ ၄ ရက်မှ ၁၄ ရက်ဝန်းကျင်အထိ ကြာမြင့်ပြီး တစ်ခါတလေမှာ ၄၅ရက်အထိ ကြာမြင့်တတ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အချက်အလက် တွေအရ သိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာတော့ အိန္ဒိယနိုင်ငံ ကီရာလာမှာ နီပါရောဂါပိုးကူးစက်ခံရခြင်းကြောင့် သေဆုံးသူ ၁၇ ဦးအထိရှိခဲ့ပါတယ်။ 

အဲဒီရောဂါပိုးဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်းမှာ မလေးရှားနိုင်ငံအတွင်းမှာရှိတဲ့ ဝက်မွေးမြူရေး လုပ်သားတွေထံက နေတဆင့် ပျံ့နှံ့ကူးစက်ခဲ့သလို အိန္ဒိယနိုင်ငံအတွင်း ပထမဆုံး နီပါဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်ဟာ အနောက်ဘန် ဂေါပြည်နယ်မှာဖြစ်ပြီး ၂၀၀၁ ခုနှစ်က တွေ့ရှိခဲ့တာလို့ သိရပါတယ်။

 နီပါဗိုင်းရပ်စ်ဟာ ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတဲ့ အဆိုးရွားဆုံး ကပ်ရောဂါဖြစ်နိုင်ချေရှိသလို ခုခံရင် ဆိုင်နိုင်တဲ့အတိုင်းအတာတွေ မရှိသေးတဲ့အတွက် ဦးစားပေးရမယ့် ရောဂါတွေအနက်တစ်ခုအဖြစ် ကမ္ဘာကျန်း မာရေးအဖွဲ့မှ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

 Ref – AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.