ဒါကာ၊ စက်တင်ဘာ (၁၆)
ဘင်္ဂလားဒေ့ရှ်မှာ လာမယ့်ရွေးကောက်ပွဲမတိုင်ခင် အစိုးရရဲ့ဖြိုခွင်းမှုတစ်ရပ်အနေနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူနှစ်ဦးကို ထောင်ဒဏ် (၂) နှစ်စီ ချမှတ်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် တရားရုံးတစ်ခုက အိုဒီကာအဖွဲ့အစည်းမှ ခေါင်းဆောင်တွေဖြစ်ကြတဲ့ အဒယ်လုရမ်မာခမ်နဲ့ နာဆယ်ရူဒီအယ်လန်တို့ကို ထောင်ဒဏ်နှစ်နှစ်စီချမှတ်လိုက်ကြောင်း တရားသူကြီးက တရားရုံးမှာ ပြောကြား ခဲ့တာပါ။
အသက် (၆၃) နှစ်အရွယ် ခမ်းနဲ့ (၅၇) နှစ်အရွယ် အယ်လန်တို့ဟာ အိုဒီကာအဖွဲ့ကို ဆယ်စုနှစ်များစွာ ဦး ဆောင်ခဲ့သူတွေဖြစ်ပါတယ်။
သူတို့အဖွဲ့အစည်းဟာ အတိုက်အခံတက်ကြွလှုပ်ရှားသူတွေကို အတင်းအကြပ် လက်စဖျောက်ခံ ရမှုတွေနဲ့ ထောင်ပေါင်းများစွာသော တရားမဲ့သတ်ဖြတ်မှုတွေ၊ ရဲတပ်ဖွဲ့ရဲ့ရက်စက်ကြမ်းကြုတ် မှုတွေကို မှတ်တမ်းတင်ဖို့ လုပ်ဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့၁၀နှစ်ကပြုစုထားထဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေကို ဖော်ထုတ်မှုနဲ့ပတ်သက်ပြီး အဲဒီအဖွဲ့ခေါင်း ဆောင်တွေဟာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ခံထားရတာလည်း ဖြစ်ပါတယ်။
“သူတို့ကို သတင်းမှားတွေ ထုတ်လုပ် ဖြန့်ဝေခြင်း၊ ဘာသာရေးကို ထိခိုက်စေခြင်းနဲ့ နိုင်ငံတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေခြင်းတို့အတွက် ထောင်ဒဏ် (၂) နှစ်စီချမှာဖြစ်တယ်” လို့ အစိုးရရှေ့နေ ရှာမင်က အေအက်ဖ်ပီကို ပြောပါတယ်။
ဇန်နဝါရီလမကုန်မီမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံ အစိုးရအများအပြားက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။
လက်ရှိ မှာလည်း အာဏာရပါတီက လွှတ်တော်ကို လွှမ်းမိုးထားပြီး တစ်ချက်လွှတ်အမိန့်လို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“ဒီစီရင်ချက်က နိုင်ငံတွင်းက လူ့အခွင့်အရေး ကာကွယ်သူတွေကို ခြောက်လှန့်တဲ့ သတင်းစကားပေးပို့တာဖြစ် ပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကို အလွန်အမင်း ခက်ခဲစေမှာပါ” လို့ နိုင်ငံရဲ့ထိပ်တန်းလူ့အခွင့်အရေး အဖွဲ့တွေရဲ့ အကြီးအကဲဖြစ်သူက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။
စီရင်ချက်ချဖို့အတွက် သူတို့နှစ်ဦးစလုံးအပြင် အခြားနိုင်ငံခြားသံတမန်များစွာလည်း ဒါကာမြို့က တရားရုံးမှာ ရှိနေတာ ဖြစ်ပါတယ်။
အိုဒီကာအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်မှာ ၁၉၉၄ ခုနှစ်ကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်း တင်ခဲ့ပြီး သူတို့ဟာ ကုလသမဂ္ဂအဖွဲ့၊ ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နီးကပ်စွာလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါ တယ်။
ဘင်္ဂလားဒေ့ရှ်ဟာ လူ့အခွင့်အရေးသမားတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင်တွေကို ခြိမ်းခြောက် ဖို့အတွက် တရားစွဲဆိုခြင်းကို အသုံးပြုနေတာဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး လည်း ကုလသမဂ္ဂက အခုလ အစောပိုင်းမှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
သူတို့နှစ်ဦးစလုံးဟာ နှောင့်ယှက်မှုနဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ခဲ့ကြရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးမှ ပြောခွင့်ရ အမျိုးသမီး ရာဗီနာရှမ်ဒါဆာမီက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
ဒါကာက ကုလသမဂ္ဂရဲ့ မှတ်ချက်တွေကို ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ဒါဟာ သူတို့ရဲ့ တရားစီရင်ရေးစနစ်ကို ပေါ်ပေါ်ထင်ထင် မလေးစားရာကျတယ်လို့ ဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့အစိုးရက အိုဒီကာကို ဘင်္ဂလားဒေ့ရှ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ စွပ်စွဲပြီးနောက် လုပ်ငန်းလိုင်စင်ကို ဖျက်သိမ်းခဲ့ပါတယ်။
ဒီလုပ်ရပ်ကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေထံက နေ သံပြိုင်ရှုတ်ချမှုကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ အာသစ်
Ref: CNA