ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ ရေတလျောက်စခန်းကို KNLA တော်လှန်ရေးပူးပေါင်းတွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က စက်တင်ဘာ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ပိုင်ကလန်ကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ ရေတလျောက်စခန်းဟာ KNU အုပ်ချုပ်နယ်မြေအရ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ကော့ကရိတ်မြို့နယ်ထဲမှာ တည်ရှိပြီး အဲဒီစစ်ကောင်စီစခန်းကို KNLA တော်လှန်ရေးပူးပေါင်းတွေက စက်တင်ဘာ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ရေတလျောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၁၈)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၇ နာရီ ၅၅ မိနစ်ကစပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ မနက် ၈ နာရီ မိနစ် ၂၀ ခန့်မှာ စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၉ ဦးသေဆုံးပြီး အခြားတပ်သားတွေကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရေတလျောက်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက ကျည်ဆံ၊ ဗုံးသီး၊ မိုင်း၊ ဆက်သွယ်ရေးစက်၊ လက်ပစ်ဗုံး၊ မြေပုံနဲ့ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ ၁၂ လက် စတဲ့ စစ်သုံးပစ္စည်းအမြောက်အများ သိမ်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်တာ၊ ပျောက်ကျားပစ်ခတ်တာတွေအပြင် စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်အပေါ် ကြားဖြတ်တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတဲ့အတွက် စစ်ကောင်စီတပ်ဘက်က သေဆုံး ဒဏ်ရာရသူတွေ များပြားလာနေပြီး စခန်းအတွင်းရှိ စစ်ကောင်စီတပ်နဲ့ မိသားစုဝင်တွေ စိတ်ဓာတ်ပိုင်းကျဆင်းလျက်ရှိတယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေများပြီး စိတ်ဓာတ်ကျဆင်းလျက်ရှိတဲ့အတွက် တပ်ဖွဲ့ဝင်တွေဟာ တပ်ကိုစွန့်ခွာထွက်ပြေးပြီး KNU နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဆီကို လာရောက်ပူးပေါင်းတာတွေလည်း အများအပြားရှိနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံးအုပ်ချုပ်နယ်မြေထဲမှာ အခုလ ၁၅ ရက်တာအတွင်း စစ်ကောင်စီတပ်ရဲ့ စခန်း ၃ ခုကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပြီး အဲဒီစခန်း ၃ ခုမှာ တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်က ရေတလျောက်စခန်း၊ ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေက ဆာလော်ကျိုးခေးပူစခန်းနဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ(၃) မုန်းမြို့နယ်ထဲက သစ်ချဆိပ်စခန်းတို့ ဖြစ်ပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU