ကျိုက်ထို၊ စက်တင်ဘာ(၁၃)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တစ်ဦးရဲ့နေအိမ်ကို စစ်ကောင်စီကနေ လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်၊ ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှာ PDF ရဲဘော် ဦးစံရရဲ့နေအိမ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ စွပ်စွဲချက်နဲ့ လာရောက်ချိပ်ပိတ်သွားတာပါ။
နေအိမ်ချိပ်ပိတ်ခံရတဲ့ဦးစံရဟာ သိမ်ဇရပ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တစ်ဦး ဖြစ်သလို စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြမှုကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လက်နက်ကိုင်လမ်းစဉ် ရွေးချယ်ခဲ့တာပါ။
ဦးစံရကိုတော့ စစ်ကောင်စီက ထောင်ဒဏ်တစ်သက်အပြင် သေဒဏ်တွေအထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
တော်လှန်ရေးရဲဘော် နေအိမ်တွေကို ဆက်တိုက်ချိပ်ပိတ်ခံနေရပေမယ့် စစ်အာဏာရှင် ကျဆုံးရေးအတွက် အတူတကွ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကျိုက်ထိုမြို့နယ် PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့သြဂုတ်လတုန်းကလည်း ကျိုက်ထိုမြို့နယ် PDF တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကိုရဲသွေးညီ၊ ကိုရန်ရှင်းတို့နေအိမ်တွေကိုလည်း လာရောက်ချိပ်ပိတ်ထားတာပါ။
ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် နေအိမ်တွေအပါအဝင် တက်ကြွလှုပ်ရှားသူတွေ၊ PDF တပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှု ၁၅ လုံးထက်မနည်း ချိတ်ပိတ်ထားတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SBM